ချင်းအမျိုးသား ကာကွယ်ရေးတပ်ကိုဖွဲ့စည်း

ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပ ဖြစ်သည့် ကလေးတမူး နှင့် ကဘော်ဒေသမှ လူငယ်များက ပြည်ပရောက် ချင်းလူငယ်များ နှင့် ပူးပေါင်းကာ ချင်းအမျိုးသား အဖွဲ့ချုပ် CNO အား ဧပြီလ ၁၃ ရက်နေ့ တွင် ဖွဲ့စည်း ခဲ့ပြီးနောက် ယနေ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ Chin National Defense Force ကိုပါ ယနေ့ ဖွဲ့စည်း လိုက်သည်ဟုသိရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တွင် တပ်မဟာ နှစ်ခု ဖြင့် စတင် ဖွဲ့စည်းထားပြီး နယ်ချဲ့တော်လှန်ရေးတွင် နာမည် ကျော်ကြားခဲ့သော ချင်း သူရဲကောင်းနှစ် ယောက်ကိုအစွဲပြု၍ ကြွမ်ဘိစ် တပ်မဟာ နှင့် ရွှေဂျိုးဖြူ တပ်မဟာ နှစ်ခုဖြင့် စတင်တည် ထောင်ခဲ့သည် ဟု FNG မှသိရသည်။

CNO/CNDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေးအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

CNDF တွင် အဖွဲ့ဝင် အင်အား ၈၀၀ ကျော်ရှိသည်။

လက်ရှိတွင် လှုပ်ရှားတက်ကြွသော ချင်းလက်နက်ကိုင်အဖွဲ့ပေါင်း (၄) ဖွဲ့ရှိပြီဖြစ်ကာ ၁) ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ၂) ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် (ZRO/ZRA)၊ ၃) ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) နှင့် ယခုပေါ်ထွက်လာသော ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တို့ဖြစ်သည်။