“၈၈ မှာ ခင်ဗျားတို့ ကြောက်ပြီးဆုတ်သွားလို့ ရှုံးတာ။”
“အဖေတို့အမေတို့ခေတ်ကလိုမျိုး မပြတ်မသားနဲ့ ထားမခဲ့နိုင်ဘူး။” စသည်ဖြင့် အခု ဂျန်ဇီတွေက ပြောတာကို ကျနော်တခွန်းမှ မတုံ့ပြန်ခဲ့ဖူးပါဘူး။
ဘာတုံ့ပြန်စရာလိုသလဲ။ သူတို့တက်တက်ကြွကြွပြောတာ ပြောပါစေ။ သူတို့ဟာ ကိုယ့်တူကိုယ်သားတွေလည်း ဖြစ်သလို ကိုယ့်ရဲဘော်တွေလည်း ဖြစ်တယ်။ ဘာမှ ပြိုင်ငြင်းနေစရာမလိုဘူး။ သူတို့ပြောတာ မှန်သင့်သလောက်မှန်တာတွေလည်း ရှိတယ်။
ဒါပေမဲ့ ၈၈ မှာကြောက်ပြီးဆုတ်သွားလို့ ရှုံးတာဆိုတာနဲ့ ပတ်သက်ပြီး အခုနည်းနည်းပြောပါမယ်။ လူငယ်ရဲဘော်တွေနဲ့ ပြိုင်ငြင်းဖို့မဟုတ်ဘူး။ သင်ခန်းစာယူစရာတချက်ကို သူတို့ သတိထားမိစေချင်လို့။
၈၈ မှာ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေ ရပ်သွားတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ခဏရပ်သွားတာပါ။ လူထုက အပြီးအပိုင်လက်လျှော့လိုက်တာ မဟုတ်ဘူး။ ကျေနပ်သွားတာ မဟုတ်ဘူး။ ကြေအေးသွားတာ မဟုတ်ဘူး။
ဒါဆိုရင် ဘာလို့ လူထုက အုံနဲ့ကျင်းနဲ့ တနိုင်ငံလုံးအကြီးအကျယ်လမ်းပေါ် ပြန်တက်မလာတာလဲလို့ မေးစရာရှိတယ်။ သူများတွေ မပြောကြလို့ အခုကျနော်ပြန်ပြောပြမယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ပြောတဲ့ ၉၀ ရွေးကောက်ပွဲကိုလက်ခံပြီး “ဝင်ပြိုင်မယ်၊ ပါတီထောင်မယ်” ပြောလိုက်လို့ လူထုက ငြိမ်ပေးလိုက်တာပါ။ မကျေနပ်စိတ်တွေနဲ့ပြည့်လျှံနေပြီး ပေါက်ကွဲတော့မယ့် မီးတောင်ကြီးကို ဖြေလျှော့ဖို့ ထွက်ပေါက်ပေးဖို့အတွက် စစ်တပ်က ရွေးကောက်ပွဲနဲ့ နှစ်သိမ့်လိုက်တယ်။ ရေတွေပြည့်ပြီး ကျိုးကျတော့မယ့် ဆည်ကြီးကို စစ်တပ်က အရှိန်လျော့သွားအောင် ရေလွှဲတံခါးလေးဖွင့်ပေးလိုက်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်လို့ လူထုက စောင့်ကြည့်ပေးလိုက်တာပါ။ လူထုမှာ မျှော်လင့်ချက် အမှားရသွားတာပါ။ အဲဒီတုန်းက ဒေါ်စုက ရွေးကောက်ပွဲကိုသာ လက်မခံလိုက်ရင် ဆက်ပြီးတော်လှန်ဖို့ လူထုကြီး တရပ်လုံးက အဆင်သင့်တာစူနေတာပါ။
စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းကြေညာချက်မှာ စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ပြောတယ်။ စက်တင်ဘာ ၂၇ ရက်နေ့မှာ NLD ပါတီထောင်ပါတယ်။
အဲဒါ လူထုမနာစေချင်ဘူးဆိုတဲ့ ဒေါ်စုနဲ့ NLD ကြောင့် ကျနော်တို့ နှစ် ၃၀ ကျော်ကြာခဲ့ရတဲ့ ဇာတ်လမ်းပဲ။
စစ်တပ်ကို ဘယ်တော့မှမယုံရဘူးဆိုတာ ကျနော်တို့က အဲဒီတုန်းကတည်းက သိပါတယ်။ ဒေါ်စုရဲ့သြဇာကို မကျော်နိုင်ခဲ့လို့ ရွေးကောက်ပွဲလမ်းစဉ်ကို မယုံရမှန်း သိသိကြီးနဲ့ လက်ခံခဲ့လိုက်ရတာပါ။ လူထု နှစ်ခြမ်းမကွဲချင်လို့ လျှော့ခဲ့တာပါ။
ဒါတွေကို ဘာလို့ အခုအချိန်မှာ ပြန်ပြောတာလဲဆိုတော့ ၈၈ ကလို ထပ်မမှားစေချင်လို့ပဲ။ အာဆီယံက စေ့စပ်ချင်တယ်ဆိုတာတွေ၊ ကုလသမဂ္ဂကစေ့စပ်ချင်တယ်ဆိုတာတွေ၊ အမေရိကန်က စေ့စပ်ချင်တယ်ဆိုတာတွေ အားလုံးလည်း ကြားကြမှာပဲ။ လက်နက်ကိုင်တိုက်ဖို့ ကူညီချင်တဲ့လူတယောက်မှ မကြားရဘူး။ စေ့စပ်ပေးပြီး ရွေးကောက်ပွဲ ပြန်လုပ်ခိုင်းချင်တယ်ဆိုတာတွေချည်းပဲ ကြားနေရတယ်။
ဒီစစ်တပ်နဲ့ ကျနော်တို့ကြားမှာ ဘာမှ စေ့စပ်စရာမလိုတော့ဘူး။ စေ့စပ်တဲ့နည်းကို ဒေါ်အောင်ဆန်းစုကြည် အစွမ်းကုန်ကြိုးစားပြီးပြီ။ ကျနော်တို့ အစွမ်းကုန် သည်းခံစောင့်ဆိုင်းခဲ့ပြီးပြီ။ အဲဒီနည်းလမ်း အလုပ်မဖြစ်တာ ထင်ရှားခဲ့ပြီးပြီ။
ဒီစစ်တပ်ရှိနေသေးသမျှ အထပ်ထပ်အခါခါ အာဏာသိမ်းနေဦးမှာပဲ။ ဒီစစ်တပ်ရှိနေသေးသမျှ အထပ်အထပ် အခါခါ သတ်နေဦးမှာပဲ။ အာဏာရှင်စစ်တပ် အမြစ်ဖြတ်မှ ဖြစ်မယ်။ လက်နက်ကိုင်တော်လှန်ရေးမှတပါး တခြားနည်းလမ်းမရှိဘူးဆိုတဲ့အချက်ကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားကြဖို့ အရေးကြီးတယ်။ နည်းနည်းစိတ်ပျော့လိုက်တာနဲ့၊ နည်းနည်းကြောက်လိုက်မိတာနဲ့၊ နည်းနည်း သနားလိုက်မိတာနဲ့ နှစ် ၃၀ အနည်းဆုံးပဲဆိုတာ ၈၈ ကသင်ခန်းစာပေးခဲ့ပြီ။
ဒေါ်စုကိုပြန်လွှတ်ပေးပြီး “ရွေးကောက်ပွဲ ပြန်ဝင်ပါ။ ဒီတခါ အနိုင်ရရင် အာဏာပြန်လွှဲပါမယ်” ပြောလို့ ဒေါ်စုကလက်ခံရင်တောင် ကျနော်တို့ လက်ခံလို့ မဖြစ်ဘူး။ နင်က အကောင်ကြီးတယ် ၂ ခါပြန်လျှောက်ဆိုတာကို ဒေါ်စုက လက်ခံပြီး လျှောက်မလျှောက်တော့ မသိဘူး။
သေချာတာတခုက ဒီစစ်တပ်ရှိနေရင် ကျနော်တို့ ရှိနိုင်မှာ မဟုတ်တော့ဘူး။ ကျနော်တို့ ရှိနေသမျှ ဒီစစ်တပ် ဆက်မရှိစေရဘူး။
ဇော်ဝင်း
၈၈ ဗကသ
