တရုတ် နိုင်ငံ ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ ဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက် ဖို့ ဩဂုတ်လ ၁၄ ရက်နေ့ မှာ ဘန်ကောက် ကို ရောက်ရှိ မှာ ဖြစ်ပြီး တရုတ် ပြည်ကို မပြန်ခင် မှာ မြန်မာ နိုင်ငံ နေပြည်တော် ကို ဝင်ရောက် ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ တွေ့ ဆုံ မှာ ဖြစ်တယ် လို့ တရုတ် အစိုးရက တရားဝင် သတင်း ထုတ် ပြန် လိုက်ပါတယ်။
အာဏာမသိမ်းခင် သီတင်း ပတ် အနည်းငယ် အလို၊ ၂၀၂၁ ဇန်နဝါရီလ ၁၂ ရက်နေ့ မှာ မြန်မာ စစ်ခေါင်းဆောင် နဲ့ နောက်ဆုံး တွေ့ ဆုံ ခဲ့ တဲ့ ဝန်ကြီး ဝမ်ယီ ဟာ လေးနှစ် နီးပါး ကာလ အတွင်း ပထမ ဦးဆုံး အကြိမ် စစ်ခေါင်းဆောင် နဲ့ ထပ်မံ တွေ့ ဆုံမှာ ဖြစ်ပါတယ်။
စစ်တပ် က အာဏာမသိမ်းခင် မှာ မြန်မာ ပြည်ကို အလည် အပတ်ရောက်လာ တဲ့ ဝန်ကြီး ဝမ် ဟာ အဲဒီ အချိန် က အစိုးရ အဖွဲ့ အကြီး အကဲ တွေ ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ နဲ့ ပါ တွေ့ဆုံ ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝန်ကြီး ဝမ် တွေ့ တဲ့ အချိန် ဟာ မြန်မာ ပြည်မှာ စစ်တပ် က အာဏာသိမ်းမယ် ဆိုတဲ့ သတင်း တွေ ကျယ်ကျယ်လောင်လောင် စတင် ထွက် ရှိနေချိန် ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မှာ ဝမ်ယီ ဟာ မြန်မာ နိုင်ငံ ပုဂံ မြို ကို လာရောက် ခဲ့ ပေမယ့် စစ်ခေါင်းဆောင် နဲ့ တွေ့ ဆုံ ခဲ့တာ မရှိဘူး လို့ နှစ်ဖက် စလုံး က သတင်း ထုတ်ပြန် ထားပါတယ်။

Freedom News က နေ သိရှိရ တဲ့ နေပြည်တော် သတင်း ရင်းမြစ် တစ်ခု မှာ ဆို ရင် ဝန်ကြီး ဝမ်ဟာ အကျဉ်းကျ နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါ တွေ့ ဆုံဖို့ အစီအစဉ် ရှိတယ် လို့ သိရပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်သစ် ဒေါ်မာကျောက် ကို ခန့်အပ် ပြီး နောက် တစ်နေ့ မှာပဲ ဝန်ကြီး ဝမ်ယီ မြန်မာပြည် လာရောက် လည်ပတ်မယ် လို့ ကြေငြာ လိုက်တာ ဖြစ်ပါတယ်။
