အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးသီအိုရီ (International relations theory) ဆိုသည်မှာ နိုင်ငံများ၏ အကျိုးစီးပွားကို ငြိမ်ချမ်းစွာ ဆက်ဆံခြင်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြိုင်ဆိုင်မှုများနှင့် ပဋိပက္ခများကဲ့သို့သော လူပုဂ္ဂိုလ်နှင့်မဆိုင်သော နိုင်ငံတကာဆက်ဆံရေးများကို ခေါ်ဆိုခြင်းဖြစ်သည်။ Donald Trump သည် သမ္မတအဖြစ် ပြန်လည်ရောက်ရှိလာခြင်းက သမိုင်းကို ပုံဖော်ရာတွင် အပြောင်းအလဲတစ်ရပ်ဖြစ်လာသည်ဟုဆိုရမည်။
ကမ္ဘာ့ဇာတ်ခုံပေါ်က အရေးပါနေဆဲဖြစ်တဲ့ သံတမန်နည်းလမ်း
နိုင်ငံ့ခေါင်းဆောင်များ၏ လုပ်ငန်းစဉ်များနှင့် ပင်ကိုယ်အကျင့်စရိုက်များ၊ ၎င်းတို့၏ အားသာချက်များနှင့် အားနည်းချက်များ၊ ၎င်းတို့၏ ထူးခြားသော အမူအကျင့်များနှင့် စိတ်ဝင်စားမှုများကလည်း နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် အရေးပါကြောင်း သတိပေးနေသကဲ့သို့ ဖြစ်သည်။ Trump ၏ ကုန်သွယ်ရေး၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များက ကမ္ဘာ့ကိစ္စရပ်များကို လှုပ်ခတ်သွားစေနိုင်သည်ဟု ယူဆရသည်။
နိုင်ငံတကာဆက်ဆံရေးသည် ကမ္ဘာ့ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များက ဦးဆောင်ပဲ့ကိုင်ထားခြင်းဖြစ်သည်။ UNESCO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့်အတိုင်း၊ “စစ်ပွဲများသည် လူသားများ၏ စိတ်ထဲတွင် စတင်သောကြောင့်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လည်း လူသားများ၏ စိတ်ထဲတွင် ဦးစွာတည်ဆောက်ရမည်” ဟု
ဖော်ပြထားသည့်အတိုင်း ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် သဘောထားများသည် နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အရေးကြီးကြောင်း မီးမောင်းထိုးပြထားသည်။
သံတမန်ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေးအပေါ်များစွာအကျိုးသက်ရောက်မှုရှိသည်။
အဆင့်မြင့် သံတမန်ရေးရာများတွင် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆက်ဆံရေးသည် နိုင်ငံများအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ Trump ကလည်း ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်ဆံရေးများသည် နိုင်ငံများအကြား ဆက်နွယ်မှုကို ကောင်းစွာပုံဖော်နိုင်သည်ဟူသော အယူအဆကို ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ဦးပင်ဖြစ်သည်။
Trump ၏ ကိုယ်ပိုင်နည်းဗျူဟာဖြင့် သံတမန်ရေး ချဉ်းကပ်မှုများ
သမ္မတ Trump သည် သူ၏ ပထမသက်တမ်းအတွင်း အမေရိကန်နှင့် အဓိက နိုင်ငံများကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်စွာပုံဖော်နိုင်ရန် ကိုယ်ပိုင်နည်းဗျူဟာဖြင့် သံတမန်ရေး ချဉ်းကပ်မှုများကိုဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် သူသည် မြောက်ကိုရီးယားသို့ သွားရောက်ကာ Demilitarized Zone (DMZ) ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် အာဏာရှင် ကင်မ်ဂျုံအမ် (Kim Jong Un) နှင့် တွေ့ဆုံခဲ့သည့် ပထမဆုံး အမေရိကန် သမ္မတဖြစ်လာခဲ့သည်။
ထို့အပြင် မတည်ငြိမ်သော အရှေ့အလယ်ပိုင်းဒေသသည် Trump ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးဘက်သို့ ဦးတည်လာခဲ့သည်။ စစ်ပွဲသစ်တစ်ခု စတင်ရန် ဝေးစွ၊ Trump သည် “အာဗြဟံသဘောတူညီချက်” (Abraham Accords) ကို ညှိနှိုင်းပေးခဲ့ပြီး ဒေသတွင်း ငြိမ်ချမ်းရေးနှင့်တည်ငြိမ်မှုကို ပြန်လည်မြှင့်တင်ပေးခဲ့သည်။
Trump ၏ ဤလုပ်ဆောင်ချက်များက ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆက်ဆံရေးသည် နိုင်ငံတကာ ဆက်ဆံရေးကို အပြုသဘောဆောင်စွာ ကောင်းသည့်ဘက်ကို ပြောင်းလဲနိုင်ကြောင်း ထင်ရှားစွာ မြင်တွေ့နိုင်သည်။
သမ္မတ Trump သည် သံတမန်ရေးနည်းလမ်းများဖြင့် ပဋိပက္ခများကို အဆုံးသတ်ရန်ကြိုးပမ်းခဲ့ပြီး
နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် အကြမ်းဖက်စစ်ပွဲများကိုလည်း အဆုံးသတ်ရန်ကြိုးပမ်းခဲ့သည်။
အထင်ရှားဆုံးဥပမာတစ်ခုအနေဖြင့် အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရေးအပြောင်းအလဲကြီးကိုမြင်တွေ့နိုင်သည်။ သို့သော် သူ့ကြိုးပမ်းမှုများသည် ပြင်းထန်သောဝေဖန်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ထိုဝေဖန်သူများက အမေရိကန်၏ စွမ်းအားကို ပိုမိုအကျိုးရှိစွာ အသုံးချရန် မျှော်လင့်ခဲ့ကြပြီး၊ Trump ၏ သံတမန်ရေးချဉ်းကပ်မှုကို အားနည်းချက်ကြီးအဖြစ် ရှုမြင်ခဲ့ကြသည်။ သူတို့၏ အဆိုအရ၊ အမေရိကန်သည် ကမ္ဘာ့အဆင့်တွင် ပိုမိုတင်းမာစွာ ရပ်တည်သင့်ပြီး စစ်ပွဲများကို အဆုံးသတ်ရန်ထက် ဩဇာလွှမ်းမိုးမှုကို အလေးထားသင့်သည်ဟု ယူဆခဲ့ကြသည်။ သူ၏လုပ်ရပ်သည် အမေရိကန်၏ကမ္ဘာ့ဦးဆောင်မှုနှင့်အာဏာကိုလျှော့ချပစ်သည်ဟု ဝေဖန်သူများကယူဆကြသည်။
ယခုအခါ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံခေါင်းဆောင်များစွာသည် ကိုယ်ပိုင်သံတမန်ရေးဗျူဟာများကို အသုံးပြုလာကြသည်ကို ကျွန်တော်တို့မြင်တွေ့ရသည်။ တိုးတက်လာသော နည်းပညာခေတ်ဖြစ်လာသည့် အလျောက် သူတို့၏ အမည်ဖြင့် လူမှုမီဒီယာပေါ်တွင် ပို့စ်များတင်ကာ သံတမန်ရေးလှုပ်ရှားမှုများကို သီးသန့်လက်မှတ်ရေးထိုးခြင်းများ၊ လူအများစုကိုချပြရှင်းလင်းခြင်းများကို လုပ်ဆောင်လာသည်ကိုလဲ တွေ့ရသည်။
ပိုမိုပွင့်လင်းစွာ ပြောင်းလဲလာသော နိုင်ငံရေးအခင်းအကျင်းတစ်ခုလို့ ဆိုနိုင်ပေသည်။
ဤနည်းလမ်းသည် ခေါင်းဆောင်များအား ၎င်းတို့၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို တိုက်ရိုက်အများပြည်သူထံ ပို့ဆောင်နိုင်စေပြီး၊ နိုင်ငံတကာဆက်ဆံရေးတွင် ပိုမိုလူသိများလာစေသည်။
ထရမ့် ၏ သံတမန်ရေး ဗျူဟာ
နိုင်ငံတကာဆက်ဆံရေးနယ်ပါယ်တွင် ကိုယ်ရေးကိုယ်တာ အချက်များ၏ အခန်းကဏ္ဍကိုဦးစွာနားလည်သဘောပေါက်ရန်အရေးကြီးသည်။ ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးဆက်ဆံရေးသည် နိုင်ငံရေးအတွက်များစွာအရေးပါပြီး သီးသန့်တွေ့ဆုံမှုများမှတစ်ဆင့် အခြားခေါင်းဆောင်များ၏ အကျင့်စရိုက်များကို သိရှိပြီး ညှိနှိုင်းဆွေးနွေးမှုများတွင် အားသာချက်များရစေနိုင်သည်။
သမ္မတ Trump သည် ပထမဦးစွာ သီးသန့် တွေ့ဆုံမှုများ၊ သီးသန့် ဖုန်းပြောဆိုမှုများဖြင့် ပုဂ္ဂိုလ်ရေး သဘောတူညီချက်ရယူတတ်သူတစ်ဦးဖြစ်ပြီး သံတမန်ရေးကို စီးပွားရေးဆန်ဆန်ကြည့်ရှုတတ်သူဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်သံတမန်ရေးဗျူဟာနှင့် အခြားနိုင်ငံခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်သွယ်မှုများသည် အမေရိကန် အကျိုးစီးပွားကို မြှင့်တင်ရာတွင် များစွာအရေးပါခဲ့သည်။ သမ္မတTrump သည် ၁၉၈၇ ခုနှစ် တွင် သူကိုယ်တိုင်ထုတ်ဝေခဲ့သော “Trump: The Art of the Deal” စာအုပ်တွင် ဖော်ပြထားသည့် နည်းဗျူဟာများကို မကြာခဏ အသုံးပြုလေ့ရှိသည်။
သူ၏ အဆိုအရသဘောတူညီချက်ရယူရာတွင် “အနည်းငယ် အကျယ်ချဲ့ပြောဆိုခြင်းက ဘယ်တော့မှ မထိခိုက်စေပါ” ဟု ရေးသားခဲ့ပြီး ချီးမွမ်းမှုတစ်လှည့်၊ ဖျောင်းဖျတစ်လှည့်နှင့် တစ်ခါတစ်ရံတင်းမာသော နည်းဗျူဟာများဖြင့် သဘောတူညီချက်များကို ရယူနိုင်ကြောင်း ဖော်ပြခဲ့သည်။သူသည် ဤနည်းလမ်းများကို မကြာခဏ အသုံးပြုနေကြောင်းလဲ အထင်းသားတွေ့မြင်နိုင်သည်။
Trump ၏ ဤနည်းဗျူဟာများသည် သူ၏ သံတမန်ရေးလုပ်ဆောင်ချက်များတွင် ထင်ရှားစွာ ပါဝင်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံမှုများကို အဓိကအသားပေးသည်ဟုဆိုရမည်။
Trump နှင့် နိုင်ငံတကာခေါင်းဆောင်များ
သမ္မတ ထရမ့်သည် သံသမန်ရေးရာ သဘောတူညီမှုများ ပြုရာတွင် ဆိုးရွားသော နိုင်ငံ့ခေါင်းဆောင်များအပါအဝင် နိုင်ငံတကာခေါင်းဆောင်များအား ချီးမွမ်းခဲ့ခြင်းများလဲရှိသည်။
ဥပမာအားဖြင့် ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား “အလွန်ထူးချွန်သောသူ” နှင့် “အရမ်းကောင်းတဲ့သူငယ်ချင်း” ဟု ချီးမွမ်းခဲ့ဖူးသည်။ ထို့အပြင် “ဟော်လီဝုဒ်မှာ ဘယ်သူမှ သမ္မတစီအဖြစ်သရုပ်ဆောင်လို့ မရနိုင်ဘူး” ဟုလည်းဆိုခဲ့သည်။
ရုရှားသမ္မတ ပူတင်အပေါ်တွင်လည်း ထရမ့်က သမ္မတ ရှီကျင့်ဖျင်လိုပဲ “ဉာဏ်ရည်ထက်မြက်ပြီး စိတ်ဓါတ်ခိုင်မာတဲ့သူ” ဟု ချီးမွှန်းခဲ့ဖူးသည်။
ထရမ့်၏ လုပ်ဆောင်ချက်များသည် ချီးမွမ်းမှုများနှင့် ခြိမ်း ခြောက်မှုတို့ကို ရောထွေးပြီး တစ်လှည့်စီလိုသလိုသုံးစွဲသော မဟာဗျူဟာတစ်ခုဖြစ်သည်ဟု ဆိုရမည်။
ဒါ့အပြင် သမ္မတTrump သည် တူရကီခေါင်းဆောင် Recep Tayyip Erdogan (ရက်စပ် တေးအာဒ်ဂန်) ကိုလည်း အားကောင်းပြီးကျစ်လစ်တဲ့အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်အသက်သွင်းထားလို့ “အမှတ်များစွာ” ရရှိခဲ့သည်ဟု ချီးကျူးခဲ့သည်။ ထို့အပြင်၊ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ( ကင်မ်ဂျုံအန်) နှင့် တွေ့ဆုံပြီးနောက် Trump က “ငါတို့ ချစ်ကြိုက်သွားပြီ” ဟု လူငယ်ဆန်ဆန် ပွင့်ပွင်လင်းလင်း ချီးကျူး ပြောဆိုခဲ့ဖူးသည်။
ယခုအခါတွင်လည်း သမ္မတ Donald Trump သည် ပီကင်းသို့ စောစီးစွာ ခရီးထွက်ရန် စိတ်ဝင်စားကြောင်း သတင်းများအရ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီသည် Trump ၏ ကြိုတင်မခန့်မှန်းနိုင်သော လုပ်ဆောင်ချက်များကို အနည်းငယ် စိုးရိမ်နေသော်လည်း၊ ၎င်း၏ သဘောတူညီချက်အပေါ် အခြေခံသော နိုင်ငံခြားရေးမူဝါဒကိုမူ နှစ်သက်နိုင်သည့် အရိပ်အယောင်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရသည်လည်း သဘောတူညီချက်များ ချုပ်ဆိုရန် နှစ်သက်သောကြောင့် ဖြစ်သည်။ အမှန်မှာ တက်ကြွသော ကုန်သွယ်ရေးဝါဒသည် တရုတ်နိုင်ငံခြားရေးမူဝါဒ၏ ပင်မကျောရိုးပင်ဖြစ်သည်။
Trump ၏ ကွဲထွက်သောနိုင်ငံရေးအခင်းအကျင်းများ
ပိုမိုအခြေခံကျသည့်အချက်မှာ Trump သည် သူ၏ ရှုပ်ထွေးသော ပင်ကိုယ်စရိုက်ဖြင့် ခေါင်းဆောင်မှုသည် သံတမန်ရေးရာ အယူအဆများကို ပြောင်းလဲစေခဲ့သည်။ သူ၏ စရိုက်လက္ခဏာသည် လန်းဆန်းတက်ကြွသောပွင့်လင်းမှု၊ ရည်ရွယ်ချက်ရှိသော စိန်ခေါ်မှု၊ ဝါကြွားမှုနှင့် ကြီးကျယ်ခမ်းနားမှုတို့ကို ရောစပ်ထားသည်ဟုဆိုရမည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် မတူဘဲ Trump သည် စာအုပ်ကြီးအတိုင်းလုပ်ဆောင်တတ်သူမဟုတ်ပါ။ သူ၏ လွတ်လပ်စွာ ပြောဆိုမှုများနှင့် သတင်းစာရှင်းလင်းပွဲများက ထိုအချက်ကို မြင်သာစေသည်။
Trump သည် မာန်မာနထောင်လွှားပြောဆိုတတ်သည်ဟု လူသိများသည်။ ဒီလိုမလုပ်ရင်ဖျက်ဆီးပစ်မည်၊ စစ်ပွဲစတင်ပစ်မည် စသဖြင့် အလွယ်ကြမ်းတတ်သော စကားများပြောဆိုတတ် သော် လည်း လက်တွေ့တွင်မူ စစ်ထပ် ပိုအထိခိုက်နည်းသော နည်းများကိုသုံးပြီး နိုင်ငံရေးပြသာနာများကို ဖြေရှင်းတတ်သူဖြစ်သည်။
သူ၏ ပထမသက်တမ်းအတွင်း အီရန်ဆိုင်ရာ မူဝါဒများတွင် ၂၀၁၅ ခုနှစ်က တီဟီရန်နှင့် ပြုလုပ်ခဲ့သော နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ကျင့်သုံးခြင်းနှင့် ဘဂ္ဂဒက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ကာ အီရန်ဗိုလ်ချုပ် Qassem Soleimani ကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ သည် စစ်ကိုရှောင်ပြီး တတ်နိုင်သလောက် အထိအခိုက်နည်းနည်းဖြင့် ဖြေရှင်းခဲ့သည်ဟု ဆိုရမည်။ Trump သည် အမေရိကန်ကို နောက်ထပ်စစ်ပွဲတစ်ခုသို့ မပို့လိုသောကြောင့် အီရန်ကို တိုက်ရိုက်တိုက်ခိုက်ရန် မလိုလားခဲ့ပါ။
၂၀၁၇ ခုနှစ်တွင် Trump သည် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်အစီအစဉ်ကို မရပ်ဆိုင်းပါက “မီးနှင့်လောင်ကျွမ်းမှုတွေပဲ ရလိမ့်မယ်” ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ထိုစကားပြောပြီးလပိုင်းအတွင်းမှာပင် Trump သည် စင်္ကာပူတွင် Kim ကို ပထမဆုံးအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် ထွေးပွေ့ခဲ့သည်။
Trump ၏ ခြိမ်းခြောက်မှုများသည် ကုန်သွယ်ရေးဆိုင်ရာ အခွန်များတိုးမြှင့်သတ်မှတ်ခြင်း၊ မဟာမိတ်တစ်ဦးအား စစ်ရေးအကူအညီ ပေးခြင်း သို့မဟုတ် အကူညီများကို ရွှေ့ဆိုင်းထားခြင်း၊ ရပ်တန့်ခြင်းကဲ့သို့သော ပိုမိုလက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို ဗဟိုပြုတတ်ပြီး တကယ်လဲ လက်တွေ့လုပ်ဆောင်တတ်သောကြောင့် သူ၏ခြိမ်းခြောက်မှုများသည် အနိုင်ရရှိလေ့ရှိသည်။ မကြာသေးမီကပင် Trump သည် သူ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ဓါးစာခံများ မလွှတ်ပေးပါက “ငရဲလို ပေးဆပ်ရမည်” ဟု သတိပေးခြင်းဖြင့် ဂါဇာစစ်ပွဲ ရပ်စဲရေး သဘောတူညီချက်ကို အောင်မြင်စွာ ရရှိစေခဲ့သည်။ ဤခြိမ်းခြောက်မှုသည် Hamas ကိုသာမက အစ္စရေးကိုပါ ဦးတည်၍ ပြောလိုက်ခြင်းဖြစ်သည်။
ဒါ့အပြင်သူသမ္မတအဖြစ် ကျမ်းကျိန်မည့်နေ့မတိုင်မီ ကနေဒါမှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းအားလုံးကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် Trump သည် ကနေဒါကို အုပ်ချုပ်နေသော လစ်ဗရယ်ပါတီ (Liberal Party) ကို အကျပ်အတည်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ဤအရာသည် ပြည်တွင်းတွင် လူကြိုက်များစွာမရှိသော ကနေဒါဝန်ကြီးချုပ် Justin Trudeau အတွက် နောက်ဆုံးအကြိမ် ဖြစ်ခဲ့ပြီး နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။
အမှန်မှာ ကနေဒါသည် အမေရိကန်သို့ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူအများဆုံးရှိနေသည့်တိုင်းပြည်ဖြစ်သည်။ Trump ၏ အဓိက စိုးရိမ်မှုဖြစ်သည့် ရွှေ့ပြောင်းနေထိုင်သူများ၏ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့် အမေရိကန်သို့ တရားမဝင် သေနတ်များ၊ မူးယစ်ဆေးဝါးများ ခိုးသွင်းမှုတို့ကို ဖြေရှင်းရန် နယ်စပ်လုံခြုံရေး လုပ်ငန်းစဉ်များစွာကို တို့မြှင့်ကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။
Trump သည် အခြေခံအားဖြင့် လက်တွေ့သမားတစ်ဦး ဖြစ်သည်။ တရုတ်ကို စီးပွားရေးဘီလူးတစ်ကောင်လို ပြင်းထန်စွာ ဝေဖန်ခဲ့သော်လည်း သူ၏ ပထမသက်တမ်းအတွင်း တရုတ်ကို ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ မကျင့်သုံးခဲ့ဘဲ ကုန်သွယ်ခွန်များကိုသာတိုးမြှင့်ခဲ့ပြီး တရုတ်သမ္မတ ရှိကျင့်ဖျင် အားလည်း ချီးမွမ်းစကားများ ပြောဆိုခဲ့သည်။
Trump ၏ ငြိမ်းချမ်းရေး မူဝါဒနှင့် ဒုတိယသက်တမ်း ရည်မှန်းချက်များ
Trump သည် “အဆုံးမရှိသော စစ်ပွဲများ” ဖြစ်ပေါ်လာမည်ကို ဆန့်ကျင်ပြောဆိုတတ်သူဖြစ်ပြီး
သူ၏ပထမသက်တမ်းတွင် အမေရိကန်သမ္မတ Jimmy Carter နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးတွင်
စစ်ပွဲသစ်တစ်ခု မစတင်ခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတဖြစ်သည်။ သူ၏ ဒုတိယသက်တမ်းတွင်လည်း အလားတူ မှတ်တမ်းတစ်ခု ထူထောင်လိုကြောင်း ပြောကြားခဲ့ပြီး “ငြိမ်းချမ်းရေး တည်ဆောက်သူ” အဖြစ် ကမ္ဘာ့အပြင်းထန်ဆုံး စစ်တပ်ကို တည်ဆောက်လိုကြောင်းသာ ဖော်ပြခဲ့သည်။ သူ၏အဆိုအရ အောင်မြင်မှုကို “ကျွန်ုပ်တို့ အနိုင်ရသည့် စစ်ပွဲများအပြင်၊ ကျွန်ုပ်တို့ အဆုံးသတ်လိုက်သည့် စစ်ပွဲများနှင့် ထို့ထက်ပို၍ အရေးကြီးသည်မှာ ကျွန်ုပ်တို့ လုံးဝ မဝင်ရောက်ခဲ့သည့် စစ်ပွဲများ” ဖြင့် တိုင်းတာမည်ဟု ဆိုသည်။
ဤစကားသည် အနှစ်သာရပြည့်ဝပြီး နောင်တစ်ချိန်မှာ သမိုင်းဝင်လာနိုင်မည် ဖြစ်သည်။
သို့သော်သူသည် ပနားမား တူးမြောင်း (Panama Canal) ကို ပြန်လည်ရယူရန်နှင့် ဒိန်းမတ်ထံမှ ဂရင်းလန်းကျွန်း (Greenland) ရန် ကြေငြာခဲ့ခြင်းတို့မှာ နိုင်ငံရေးနယ်ပယ် တွင် အဆိုး များကိုဖြစ်ပေါ်လာစေနိုင်သည်။ Trump ၏ အမေရိကန်ကိုချဲ့ထွင်ရေး စိတ်ကူးများသည် အထိန်းအချုပ်မဲ့နေသည်ဟုဆိုရမည်။ ထိုအယူအဆများသည် ၁၉ ရာစုက အမေရိကန်၏ နယ်မြေချဲ့ထွင်မှုကို လှုံ့ဆော်ပေးခဲ့သော “manifest destiny” ဟူသော အယူအဆကို လက်ခံကျင့်သုံးရန်ကြံရွယ်နေသည်ဟုယူဆရမည်။
Trump ၏ နိုင်ငံရေးစွမ်းအား နှင့် နိုင်ငံတကာအပေါ် လွှမ်းမိုးမှုများ
နိုင်ငံရေးစွမ်းအား အစစ်အမှန်သည် နိုင်ငံရေးသမားတစ်ဦးမှ ရာထူးရယူထားခြင်းမျိုး မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦးအနေဖြင့် လူများ၏ အတွေးအခေါ်ကို ပြောင်းလဲနိုင်ခြင်းကိုခေါ်သည်။
ထိုစွမ်းအားသည် ခေါင်းဆောင်၏ ရာထူးသက်တမ်း ပြီးဆုံးသည့်နောက်တွင်ပင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ Trump ၏ ရှေးရိုးစွဲ အယူအဆများကို တိုက်ဖျက်ပြီး ဆန်သစ်သောနိုင်ငံရေးအခင်းအကျင်းနှင့် အယူအဆများသည် နိုင်ငံတကာ အပေါ် လွှမ်းမိုးပြီး သူ၏ လက်ရှိသက်တမ်းထက် ပိုမိုကြာရှည်စွာ တည်ရှိနိုင်မည်ဟု ယူဆရသည်။
Donald Trump ၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး ချဉ်းကပ်မှုသည် သူ၏ ထူးခြားသော ပင်ကိုယ်စရိုက်၊ လက်တွေ့ကျသော မူဝါဒများနှင့် ခြိမ်းခြောက်မှုများပေါ် အခြေခံထားသည်။ သူသည် သမားရိုးကျ သံတမန်ရေးနည်းလမ်းများကို ပြောင်းလဲပစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် စာအုပ်ကြီးအတိုင်းမသွားပဲ လက်တွေကျသော လုပ်ဆောင်ချက်အသစ်များအပေါ် အလေးပေးသည်။ ဥပမာအားဖြင့်၊ အီရန်နှင့် မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရာတွင် ခြိမ်းခြောက်မှုများကို အသုံးပြုသော်လည်း စစ်ပွဲများကို ရှောင်ရှားရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် သူ၏ ကုန်သွယ်ရေးမူဝါဒများသည် ကနေဒါနှင့် တရုတ်ကဲ့သို့သော နိုင်ငံများအပေါ် လည်းသက်ရောက်မှုများစွာရှိခဲ့သည်။
Trump ၏ ရှေးရိုးစွဲ လူထုဝါဒတိုက်ဖျက်ရေးနှင့် သူ၏ လုပ်ဆောင်ချက်အသစ်များသည် နိုင်ငံတကာဆက်ဆံရေးတွင် ရေရှည်လွှမ်းမိုးမှုရှိမည်ဟု မျှော်လင့်ရသည်။ သူ၏ ခေါင်းဆောင်မှုပုံစံသည် လူများ၏ အတွေးအခေါ်ကို ပြောင်းလဲနိုင်စွမ်းရှိပြီး ထိုစွမ်းအားသည် သူ၏ သက်တမ်းပြီးဆုံးသည့်နောက်တွင်ပင် ဆက်လက်တည်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် Trump ၏ နိုင်ငံရေးအမွေအနှစ်သည် သူ၏ လက်ရှိလုပ်ဆောင်ချက်များထက် ပိုမိုကျယ်ပြန့်သော သက်ရောက်မှုများ ရှိနိုင်သည်ဟုဆိုရင်း နိဂုံးချုပ်အပ်ပါသည်။
ဤ ဆောင်းပါး အား Freedom News ၏ နိုင်ငံရေး ဘာသာ ပြန် ဆောင်းပါး များ ပြန်ဆိုရေး
သား သည့် သူရိန် မှ ဘာသာ ပြန်ဆို ပါသည်။
ဤဆောင်းပါသည် အမေရိကန် ပြည်ထောင်စု တွင် ထုတ်ဝေသည့် THE HILL သတင်းစာတွင် Brahma Chellaney ရေးသားခဲ့သော ဆောင်းပါးကိုမြန်မာပြန်ဆိုထားခြင်းဖြစ်သည်။Brahma Chellaney သည် နိုင်ငံတကာဆက်ဆံရေးကိုလေ့လာသုံးသပ်ရာ၌ အထူးကျွမ်းကျင်သူဖြစ်ပြီး ဆုရှိ ရထားသည့် Water:Asias New Battleground” စာအုပ်ကိုရေးသားခဲ့သူလည်းဖြစ်သည်။
