သံဃာကို နောက်ပြောင်သည့် သီချင်းကြောင့် ဒါရိုက်တာတောင်းပန်ရ

Wednesday, 03 March 2010 14:44 သဲသဲ
E-mail Print

“ဦးပဉ္ဇင်း ကြီးတောင် ငိုနေပြီကွာ … မင်းထဘီလေးဟာ သူရဲ့ ခေါင်းပေါ်မှာ” ဟူသော စာသား ပါရှိသည့် ဗီဒီယိုဇာတ်ဝင် သီချင်းကြောင့် အဆိုပါ ဇာတ်ကား ရိုက်ကူးသည့် ဒါရိုက်တာက မူလ သီချင်းပိုင်ရှင်အား အနုပညာ နစ်နာကြေးနှင့် အတူ တောင်းပန် ခဲ့ရကြောင်း သိရသည်။

“ဂန္တ၀င်ဆည်းဆာ” တေးသီချင်းကို ဖျက်၍ သီဆိုထားသော “ဒယ်ဒီဘိုးဘိုး” ဇာတ်ကား ဇာတ်ဝင်ခန်း

ယင်းကဲ့သို့ ပြန်လည် ဖျက်ဆိုထားသည့် တေးသီချင်း၏ မူရင်းမှာ ၁၉၈၀ ၀န်းကျင်ခန့်က အဆိုတော် စိုးလွင်လွင်၏ မာနမျက်နှာ စီးရီးပါ “ဂန္ထ၀င် ဆည်းဆာ” ဟူသော ကိုယ်ပိုင် သံစဉ် သီချင်းဖြစ်ပြီး နောက်ပိုင်းတွင် R-ဇာနည် ပြန်လည် သီဆိုကာ ထပ်မံ ရေပန်းစား လာသည့် သီချင်း တပုဒ်လည်း ဖြစ်သည်။
၎င်းသီချင်း၏ မူလစာသားဖြစ်သော “စမ်းချောင်း လေးတွေတောင် ငိုနေပြီကွာ မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အ၀ါ” ဟူသော စာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို မကြာသေးမီကမှ ထွက်ရှိထားသည့် “ဒယ်ဒီဘိုးဘိုး” ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် လူမင်းက မြေးဖြစ်သူအား ကိုယ်တိုင် သီဆို၍ ချော့သိပ်သည့် ဇာတ်ဝင်ခန်းတွင် ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်သည်။

“သီချင်းကို ခွင့်မတောင်းဘဲ ဖျက်ပစ်လိုက်တယ်။ အမှန်ကတော့ မဖြစ်သင့်ဘူး။ ကျနော့်ကို ပြောပြီးမှသုံးသင့်တယ်။ သုံးထားတဲ့    နေရာမှာလည်း ရယ်စရာအဖြစ် လွန်လွန် ကြူးကြူး ပြက်ရယ် ပြုထားတဲ့အတွက် ကျနော့်အနေနဲ့ အများကြီး နစ်နာတယ်” ဟု  မူလ တေးသီချင်းကို ရေးသားသူ တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။

ဒယ်ဒီဘိုးဘိုး ဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာမှာ အကယ်ဒမီ ညီညီထွန်းလွင်ဖြစ်ပြီး မူလတေးစာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို အသုံးပြုရေးသားထားသူမှာ လက်ထောက်ဒါရိုက်တာ သြရသ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သီချင်းပိုင်ရှင် တေးရေး ညီညီစံအား အနုပညာနစ်နာကြေးအဖြစ် ကျပ် ၂ သိန်းပေးကာ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် အလင်းတန်း ဂျာနယ်တွင် မတ်လ ၈ ရက်နေ့မတိုင်မီ တပတ်အတွင်း ဂုဏ်သိက္ခာထိခိုက်မှုအတွက် တောင်းပန်စာထည့်ထားကြောင်း လက်ထောက်ဒါရိုက်တာ သြရသ ကဧရာဝတီကိုပြောသည်။

“ရပ်ကွက်ထဲမှာ ကလေးတွေနောက်ပြောင် ဆိုနေတာကို ကြားပြီး ကျနော်တို့ဇာတ်ကားကလည်း ဟာသကားဖြစ်နေတော့ အဲ့ဒါလေးကို ဟာသအနေနဲ့ သုံးလိုက်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒလည်းမရှိပါဘူး” ဟု သူကဆိုသည်။

၎င်းသီချင်း စာသားနှင့်ပတ်သက်၍ ဇာတ်ကားကိုကြည့်ရှုခဲ့သော ပရိသတ်တဦးက သံဃာများကို မလေးမစား လှောင်ပြောင် သီဆိုထားခြင်းမှာ မဖြစ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီမှာက သိတဲ့အတိုင်းပဲ ဘုန်းကြီးနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာတွေက ဘာလေးပဲဖြစ်ဖြစ် မခံနိုင်ကြဘူး။ သူတို့မို့လို့ ဖျက်ပြီး ဆိုရက်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးမလုပ်သင့်ပါဘူး။ တခြားဘာသာဝင်တွေ သိတော့လည်း မကောင်းဘူးပေါ့” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က တေးရေးစောခူဆဲ ရေးသားသည့် “စည်းလုံးခြင်းအတွက်သီချင်းတပုဒ်” ဟူသော နိုင်ငံတော် အကျိုးပြု တေးသီချင်းကို ရတနာသိန်းထိုက်အောင် ထီဆိုင်က ထီဆိုင်ကြော်ငြာ သီချင်းအဖြစ် တေးရေးဆရာ၏ခွင့်ပြုချက်မပါဘဲ သုံးစွဲထားခြင်းနှင့် ပတ်သက်၍ သတင်းစာများ ဂျာနယ်များမှတဆင့် သီချင်းပိုင်ရှင်ကို ပြန်လည်တောင်းပန်ခဲ့ရခြင်းများ ရှိခဲ့သည်။

ယင်းကဲ့သို့ တေးသီချင်းများကို တေးရေးဆရာများထံမှ ခွင့်ပြုချက်မတောင်းခံဘဲ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများနှင့် တခြား နေရာများတွင် ထည့်သွင်းအသုံးပြုထားသည့် ပြဿနာများမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

“သီချင်းတွေကိုယူသုံးပြီး တေးရေးတွေကိုမပြောတဲ့ သာဓကတွေ အများကြီးရှိခဲ့တယ်။ နောက် ကိုယ်ပိုင်သံစဉ်တွေကို ယူသုံးတဲ့နေရာမှာလည်း သတိထားပြီးသုံးသင့်ပါတယ်။ အဓိကကတော့ ခွင့်ပြုချက်တောင်းဖို့ပါပဲ။ တေးရေးဆရာကို လေးစားတဲ့ အနေနဲ့ပေါ့။ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။

Additional Major Supporting Details by Freedom News Group

ပါဝင်သရုပ်ဆောင်ထားသူများ

၂၅-၁-၂ဝ၁ဝ။ ဒယ်ဒီဘိုးဘိုး။ ဒါရိုက်တာ ညီညီထွန်းလွင်။ လူမင်း၊ မို့မို့မြင့်အောင်၊ မိုးယုစံ၊ ပွင့်

ဗီဒီယို ဝေဖန် သုံးသပ်ချက်(မြန်မာ့ သွေး ဘလောက်မှ) http://www.myanmarthway.co.cc

ဇာတ်ကားအမည် – ဒယ်ဒီဘိုးဘိုး
ဝတ္ထု၊ ဇာတ်ညွှန်း – လွင်မင်းအံ့
တွဲဖက်ဒါရိုက်တာ – သြရသ
ဒါရိုက်တာ – ညီညီထွန်းလွင်
သရုပ်ဆောင်များ – လူမင်း၊ မို့မို့မြင့်အောင်၊ မိုးယုစံ၊ သတ္တိ၊ waiလျှံ၊ အရိုင်း၊ ဧရာ၊ ငှက်ပျောကြော်၊ ဇော်ဝင်းနိုင်(မန်း)၊ ဟိန်းမင်း၊ ထူးသာ၊ ပွင့်၊ သန်းသန်းစိုး၊ စောမိုးကလျာ၊ လင်းမောင်မောင်၊ အောင်တိုး

ဇာတ်လမ်းအကျဉ်း
အသက်ကြီးတယ်လို့ အပြောမခံချင်၊ လူငယ်လိုပဲနေချင်တဲ့ ဦးခိုင်လင်းဆိုတဲ့ လူတစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ။ ကိုယ့်သားအရွယ် ခေတ်လူငယ်တွေနဲ့အပြိုင် စစ်တုရင်ထိုးလိုက်၊ အင်တာနက်ဆိုင်မှာ ချတ်တင်းထိုင်လိုက်၊ ဘောလုံးကန်လိုက်နဲ့ ကိုယ့်ကိုကိုယ် လူငယ်တစ်ယောက်လိုပဲ အမြဲခံယူထားတဲ့အတွက် ပတ်ဝန်းကျင်နဲ့ လွဲချော်မှုဖြစ်ရတာလေးတွေကို ဟာသလေးတွေနှောပြီး တင်ပြထားတာပါ။ နောက်ဆုံးမှာတော့ သမီးလုပ်တဲ့လူမွေးတဲ့ မြေးဦးလေးကြောင့် အဘိုးရာထူးရတာကို မကျေမနပ်ဖြစ်ပြီး မြေးလုပ်သူကို မချစ်ဟန်ဆောင်ကာ နေပြတဲ့အကြောင်း ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်
ဇာတ်ဆောင်အင်အား တောင့်တောင့်တင်းတင်းနဲ့ ရိုက်ပြထားတာတစ်ခုတည်းနဲ့တင် ဒီဇာတ်ကားကို ကြည့်ရတာ တန်နေပါပြီ။ လေးငါးယောက်လောက်နဲ့ မရှိတဲ့ဇာတ်လမ်းကို အဖြစ်ရိုက်ပြပြီး ကိုယ့်အချိန်တွေကို အလကားခိုးယူနေတဲ့ ဗီဒီယိုဇာတ်ကားတွေကြားမှာ ဒီလိုဇာတ်ကားလေးတွေ ထွက်လာတာဟာ ၀မ်းသာစရာပါ။

ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကြည့်တဲ့သူစိတ်ထဲ အနည်းနဲ့အများဆိုသလို ပေါ့ပါးလွတ်လပ်သွားမယ်ဆိုတာ အသေအချာပါပဲ။ တစ်ကားလုံးလောက်နီးနီး တ၀ါးဝါးတဟားဟားနဲ့ ပွဲကျမယ့်အခန်းတွေကလည်း ကြည့်တဲ့သူတွေကို ကျေနပ်စေမှာပါ။

အရယ်အသောလေးတွေကြားမှာ သင်ခန်းစာပေးဆုံးမစကားလေးတွေကို အလျဉ်းသင့်သလို ပါးပါးလေးထည့်ပြသွားတာကလည်း ဇာတ်ညွှန်းရေးဆရာရဲ့ ပညာပဲထင်ပါရဲ့။

လူမင်းကလည်း ဒီဇာတ်ကားမှာ ဦးခိုင်လင်းဆိုတဲ့ ဇာတ်ကောင်စရိုက်ကို အကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ သူ့ဇာတ်ဖြစ်တဲ့ဒီဇာတ်ကားမှာ ရထားတဲ့အခွင့်အရေးတွေကို ပီပီပြင်ပြင် အသုံးချသွားနိုင်ပါတယ်။

မို့မို့မြင့်အောင်ကလည်း ဒီဇာတ်ကားမှာ ဦးခိုင်လင်းရဲ့ ဇနီးသည်နေရာကို အပီပြင်လွန်အောင်ကို သရုပ်ဆောင်ပြသွားနိုင်ပါတယ်။

ဦးခိုင်လင်းနဲ့ အွန်လိုင်းမှာတွေ့ပြီး လာနွယ်တဲ့ ပိုးပိုးဆိုတဲ့ ကောင်မလေးကိုလည်း အမှတ်ထင်ထင် ဖြစ်သွားမိတယ်။ ကျွန်တော်နဲ့ အတူကြည့်နေတဲ့ သူငယ်ချင်းတွေအားလုံး တစ်ညီတညွတ်တည်းမေးတာကတော့ အဲဒါဘယ်သူလဲတဲ့။ ကျွန်တော့်အထင်ကတော့ စောမိုးကလျာ ဆိုတာပဲ ဖြစ်မယ်ထင်ပါတယ်။ ကြိုးစားသွားရင် နာမည်တက်လာနိုင်တဲ့ မင်းသမီးငယ်တစ်လက်လို့ မြင်မိပါတယ်။

ကျန်တဲ့ဇာတ်ကောင်တွေကလည်း သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ သရုပ်ဆောင်သွားကြတာဟာ တကယ့်ကို ကွက်တိပါပဲ။

ဒီဇာတ်ကားမှာ အမှတ်ထင်ထင်ဖြစ်သွားတာက waiလျှံပါ။ အခြားဇာတ်ကားတွေ ကျွန်တော်မကြည့်ဖူးတဲ့အတွက် အသစ်လို့ပဲ ယူဆပါတယ်။ ၂၀၀၈ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ သင်္ကြန်သီချင်းတစ်ပုဒ်မှာပဲ သူ့ကိုတွေ့ဖူးတာပါ။ ဒီဇာတ်ကားမှာတော့ ဦးခိုင်လင်းရဲ့ သားအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ ဇာတ်ကားရိုက်နေတဲ့ပုံစံတောင်မပေါက်ဘဲ အပြင်မှာနေတဲ့ပုံစံအတိုင်း သရုပ်ဆောင်ပြသွားနိုင်တာဟာ သူကိုယ်တိုင်ရဲ့ အရည်အချင်းလား၊ ဒါရိုက်တာတော်လို့လားဆိုတာတော့ စာဖတ်သူကိုယ်တိုင်ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြည့်ပါတော့။

ဘာပဲဖြစ်ဖြစ် အားလပ်ချိန်ခဏလေးမှာ အပျင်းပြေအဖြစ် ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်ချင်လို့ ဗီဒီယိုဇာတ်ကား ငှားကြည့်မယ်ဆိုရင် “ဒယ်ဒီဘိုးဘိုး” ဆိုတဲ့ ဇာတ်ကားလေးကို မြည်းစမ်းကြည့်ပါဦးလို့ တိုက်တွန်းလိုပါတယ်။