တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…

ဤဆောင်းပါးသည် မြန်မာသွေး ဘလောက်မှ ကိုဥာဏ် ၏ ဆောင်းပါးဖြစ်ပါသည်။

ကျွန်တော်ကိုဉာဏ် ဖွရဦးမယ်၊ အဲလေ… မျှရဦးမယ်။ သိထားသမျှလေးတွေ၊ တွေးမိသမျှလေးတွေပေါ့။ အင်း… ဒီအကြောင်းအရာသတင်းက ပြောလို့လည်း မကောင်း၊ မပြောဘဲနေရင်လည်း မကောင်းတာကြီးပါဗျာ။ အဲဒီတော့ ပြောရဦးမှာပေါ့ဗျာ။ အခုတလော အရမ်းခေတ်ထနေတဲ့ တေးရေးဆရာတွေနဲ့ အဆိုတော်တွေရဲ့ ပဋိပက္ခတွေပေါ့ (ပွဲစီစဉ်သူတွေက အလိုလို ဘေးရောက်သွားသလိုတောင် ဖြစ်နေသလားလို့)။ အစကတော့ အေးအေးဆေးဆေးပဲ ပြီးသွားကြမယ်ထင်တာပေါ့။ အခုတော့ အဲလို ဟုတ်မယ်မထင်တော့ဘူးဗျ။ ကျွန်တော်ကိုဉာဏ် မလောက်လေး မလောက်စား မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ စဉ်းစားမိသလောက်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ သီချင်းရေးဆရာတွေစုပြီး ဖွဲ့စည်းထားတဲ့ MCLC ဆိုတဲ့အဖွဲ့ကြီးက သတင်းစာထဲမှာ စစချင်း ပထမအကြိမ်ကြေညာတုန်းက ကျွန်တော်နားလည်မိသလောက် ပွဲစီစဉ်သူတွေ၊ ပွဲတာဝန်ခံတွေကို ဦးတည်ထားတာပါ။ အောက်မှာဖတ်ကြည့်ပါဦး။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့သော ကြေညာချက် –
သီချင်းရေးဆရာများဖြစ်ကြသော စိုင်းခမ်းလိတ်၊ ကိုနေ၀င်း၊ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ သော်ဒီဝေ၊ ဆဲ(လ်)၊ အောင်နိုင်စန်း၊ ညီညီသွင်၊ စောခူဆဲ၊ ထူးအိမ်သင်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ကေအေတီ၊ နိုင်နိုင်း၊ Rခိုင်၊ ဇ၀ါ၊ အရိုးအပါအ၀င်… တို့၏ သီချင်း [တေးစာသား(သို့) တေးစာသားနှင့်သံစဉ်] များအား (ပြည်တွင်း/ပြည်ပ) မည်သည့်နေရာတွင်မဆို စီးပွားရေးအသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်မည်ဆိုလျှင် တာဝန်ခံစီစဉ်သူများသည် အထက်ပါသီချင်းရေးဆရာများ၏ သဘောတူခွင့်ပြုချက်ကို ယနေ့မှစ၍ ၁-၁-၂၀၁၀ ရက်မတိုင်မီ (၁) စီစဉ်သူကိုယ်တိုင်သော်လည်းကောင်း၊ (၂) တီးဝိုင်းမန်နေဂျာများမှ တစ်ဆင့်သော်လည်းကောင်း၊ (၃) အဆိုတော်များမှ တစ်ဆင့်သော်လည်းကောင်း တရားဝင်ရယူထားကြရန် အလေးအနက်သတိပေးအပ်ပါသည်။

မှတ်ချက်။ စီးပွားရေးအသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုဆိုသည်မှာ အခကြေးငွေယူ၍ သီဆိုကြသော စင်တင်ဂီတပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲများ၊ စားသောက်ဆိုင်၊ ကာရာအိုကေဖျော်ဖြေပွဲများနှင့် အလားတူဖျော်ဖြေတင်ဆက်မှု ပုံစံအမျိုးမျိုးအပြင် စီးပွားရေးအသွင်ဆောင်သော အသံလွှင့်ခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်း၊ Online လွှင့်တင်ခြင်း အမျိုးမျိုးပါ အကျုံးဝင်ပါသည်။

ဆက်သွယ်ရန်
MCLC Co., Ltd. ဂီတအနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း
အမှတ် ၃၅၁၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၉၂၅၆၆။

အဲ… ဒါပေမယ့်လို့… နောက်ထပ်ကြေညာတဲ့ ဒုတိယကြေညာချက်မှာတော့ ပွဲစီစဉ်သူတွေကိုတင် မဟုတ်တော့ဘဲ၊ အဆိုတော်တွေကိုပါ အတိအကျ ထည့်သွင်းဖော်ပြ အသိပေးကြေညာခဲ့တာကို တွေ့ရပါတယ်။ ကြေညာချက်ပါ အချို့အချက်တွေကို ဖော်ပြရရင်-
ပွဲစီစဉ်သူများသည် အဆိုပါ သီချင်းရေးဆရာများ၏ တေးသီချင်းများနှင့် ပတ်သက်၍ ကိုယ်တိုင်ဖြစ်စေ၊ သီဆိုမည့် အဆိုတော်များမှ တစ်ဆင့်ဖြစ်စေ MCLC ထံမှ တရားဝင် ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်ဖြစ်သည်။ အဆိုတော်များသည်လည်း အဆိုပါ သီချင်းရေးဆရာများ၏ တေးသီချင်းများနှင့် ပတ်သက်၍ MCLC ထံမှ တရားဝင် ခွင့်ပြုချက်ကို ကြိုတင်ရယူပြီးမှသာ သီဆိုဖျော်ဖြေမှုများ ပြုလုပ်ကြရမည် ဖြစ်ပါသည်။ သို့ပါ၍ ဤကြေညာချက် ထုတ်ပြန်သောနေ့မှစ၍ အထက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ပွဲစီစဉ်သူကိုဖြစ်စေ၊ သီဆိုသူ အဆိုတော်ကိုဖြစ်စေ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လေးနက်စွာ သတိပေးကြေညာအပ်ပါသည်။

၂၀၁၀ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ထုတ်၊ လျှပ်တစ်ပြက်သတင်းဂျာနယ်၊ အတွဲ (၂) အမှတ် (၇၈)မှာ ဖော်ပြပါရှိတဲ့ “MCLC ၀င် တေးရေးဆရာများ၏ သီချင်းများကို ကြိုတင်ခွင့်တောင်းခြင်းမရှိဘဲ သီဆိုသွားဟု တေးရေးဆရာများမှ ပြောဆို” ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းကို ကောက်နုတ်ပြပါ့မယ်။
၂၀၁၀ မတ်လ ၁၉ ရက်နေ့ ညနေ ၆း၃၀ က ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သော Iron Cross ဂီတဖျော်ဖြေပွဲတွင် MCLC ၀င် တေးရေးဆရာများ၏ တေးသီချင်းများကို အဆိုတော် လေးဖြူ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ဟန်ထွန်း တို့မှ ကြိုတင်ညှိနှိုင်း ခွင့်တောင်းခြင်းမရှိဘဲ သီဆိုသွားကြကြောင်း MCLC ၀င် တေးရေးဆရာများဖြစ်သော မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ ညီညီသွင်နှင့် ကေအေတီတို့မှ ပြောဆိုကြသည်။
……….
……………….
………………………
ယင်းကြေညာချက်နှစ်ရပ်စလုံးကို MCLC ၀င် တေးရေးဆရာများက သုံးလအတွင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ပွဲစီစဉ်သူများနှင့် သက်ဆိုင်ရာ အဆိုတော်များမှ တိကျလိုက်နာခြင်းမရှိခဲ့၍ ဆက်လက်၍ တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MCLC ၀င် တေးရေးဆရာတစ်ဦးမှ လျှပ်တစ်ပြက်သို့ ပြောဆိုသွားသည်။ တေးရေးဆရာများ၏ ခွင့်ပြုချက်မရဘဲ ၂၀၁၀၊ မတ်လ (၁၉) ရက်နေ့က မျှော်စင်ကျွန်းတွင် အောက်ပါသီချင်းများကို သီဆိုသွားကြောင်း MCLC ၀င် တေးရေးဆရာတစ်ဦးမှ ပြောဆိုခဲ့သည်။
လေးဖြူ – လမ်း (မောင်သစ်မင်း)
လေးဖြူ – မာယာ (၀င်းမင်းထွေး)
လေးဖြူ – ရူးချင်ယောင်ဆောင်မနေနဲ့ (ညီညီသွင်)
လေးဖြူ – အိပ်မက်ကဗျာ (နိုင်းနိုင်)
လေးဖြူ – အသုံးမကျတဲ့နှင်းဆီ (ကေအေတီ)
လေးဖြူ – ငါ့ရဲ့လမင်း (ရယ်ဂျီ)
ဝိုင်ဝိုင်း – စည်း (ကေအေတီ)
ဝိုင်ဝိုင်း – လွမ်းနေဦးမယ် (ကေအေတီ)
ဝိုင်ဝိုင်း – မိုးသည်းထဲမှာ (ကေအေတီ)
ဟန်ထွန်း – ရှိနေမယ် (ကေအေတီ)
ဟန်ထွန်း – တို့ဘ၀နေ့သစ် (ကေအေတီ)
မျိုးကြီး – ရင်ခုန်သံအရင်းနှီးဆုံး (ကေအေတီ)

ကျွန်တော်စဉ်းစားမိသလောက် ပြောဦးမယ်။ တေးသီချင်းတစ်ပုဒ် အောင်မြင်ဖို့ဆိုတာ ဘယ်သူ့က အဓိကအကျဆုံးလဲ ဆိုတဲ့မေးခွန်းဟာ မမေးသင့်တဲ့ မေးခွန်းလို့ ထင်တာပဲ။ မူလဖန်တီးသူဖြစ်တဲ့ တေးရေးဆရာတွေဟာ အရေးကြီးတာ မှန်ပါတယ်။ သူတို့ခံစားချက်တွေ၊ သူတို့ဦးနှောက်တွေ၊ သူတို့အတွေ့အကြုံတွေ၊ သူတို့ဝမ်းစာတွေနဲ့ ဖန်တီးထားတဲ့ သီချင်းတွေအတွက် သူတို့တွေ တန်ဖိုးထားကြမှာ၊ ဂုဏ်ယူကြမှာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်အသက်နဲ့ရင်းပြီး ဖန်တီးထားတဲ့ သီချင်းပဲ ဖြစ်ပါစေဦးတော့ အဲဒီသီချင်းဟာ ဘယ်သူဆိုဆို အောင်မြင်မယ်၊ နာမည်ကြီးမယ်၊ ဆိုတဲ့လူပေါက်မယ်လို့ ဘယ်တေးရေးဆရာက အာမခံနိုင်လို့လဲဗျာ။

လျှပ်တစ်ပြက်ဂျာနယ်ထဲမှာပဲ “သီချင်းတစ်ပုဒ်၏ ဖြစ်တည်မှုနှင့် ဘူမိနက်သန်အမြုတေသည် တေးဆို၏ ကံအကြောင်းတရားနှင့်ပါ သက်ဆိုင်ကြောင်း အဆိုတော် ဂျေညီညီကဆို” ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းထဲက ကောက်နုတ်ချက်လေးတွေကိုလည်း ဖတ်ကြည့်ပါဦး။
“ပထမကတော့ သီချင်းတွေ ဆိုစားနေတဲ့ မင်းသား၊ မင်းသမီးတွေ၊ ဇာတ်မင်းသားတွေ၊ စားသောက်ဆိုင်က အဆိုတော်ကောင်မလေးတွေဆီက၊ ပွဲစီစဉ်တဲ့သူတွေဆီက ပိုက်ဆံတောင်းမယ်ဆိုတော့ တောင်းပေါ့။ အဲဒါ အားပေးတယ်။ လက်ခုပ်တီးပြီးတော့ကို တကယ်အားပေးတာ။ မတ်လ (၁) ရက်နေ့ကထုတ်တဲ့ (……….) ဂျာနယ်ထဲမှာကျတော့ တေးရေးတွေဆီက ခွင့်ပြုချက်မတောင်းဘဲဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုတော့ ကိုယ်.. လက်ခုပ်မတီးတော့ဘူး။ ဘာလို့လည်းဆိုတော့ သီချင်းရေးဆရာသည် အမေ၊ သီချင်းဆိုသူသည် အဖေ၊ အဲဒီသီချင်းကို လှလှပပလေး ဖြစ်လာအောင် ဂီတနဲ့ ပံ့ပိုးပေးတဲ့ ဂီတပညာရှင်တွေက ဘကြီးတွေ၊ ဦးလေးတွေလေ။ ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ်ကို ဥပမာပြောတာနော်။ အဲဒီတော့ အမေနဲ့အဖေကနေ မွေးဖွားပေးလိုက်ပြီး အဲဒီသီချင်းကို လူတော၊ သူတောတိုးလာအောင် လူတွေသိလာအောင် ကြိုးစားပေးခဲ့တဲ့ မူရင်းတေးသံရှင်ကို ပစ်ပစ်ခါခါကြီးလုပ်တာတော့ သိပ်ဂိုက်မကျဘူးလို့ ထင်တယ်”

“သီချင်းတစ်ပုဒ်အောင်မြင်ဖို့ဆိုတာ ရေးတဲ့သူကောင်းတိုင်းလည်း မဟုတ်ဘူး။ သီချင်းဆိုသူရဲ့ ကံအကြောင်းတရာဆိုတာလည်း ပါတယ်။ ကျွန်တော်တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေလေ။ သီချင်းတစ်ပုဒ် ဖြစ်တည်အောင်မြင်ဖို့အတွက် ဘာမှမကြိုးစားခဲ့ဘဲ ဒီသီချင်းအောင်မြင် နာမည်ကြီးမှ လုပ်စားတဲ့သူတွေဆီက တောင်းတာမှန်တယ်။ နောက်ဆုံးဗျာ… ကုန်အောင်ပြောရရင် ကျွန်တော် ဂီတသက်တမ်း (၂၅)နှစ်အတွင်းမှာ သီချင်းဆိုတာ အပုဒ်ရေ (၁၀၀)ကျော်ပြီ။ ဂျေညီညီဆိုပြီး ဒေါင်ဒေါင်မြည် ပရိသတ်အသိအမှတ်ပြုတာ (၁၅)ပုဒ်ပဲရှိတယ်။ ကျန်တဲ့ အပုဒ်(၁၀၀)အတွက် ဘယ်တေးရေးဆရာက တာဝန်ယူမလဲ။ ဘာသူမှ တာဝန်မယူပါဘူး။ ဂျေညီညီပဲ တာဝန်ယူရတာပါ။ အခုပုံစံက ဘယ်လိုဖြစ်နေလည်းဆိုတော့ လင်မယားချင်း ပြဿနာရှာသလို ဖြစ်နေတယ်။ တကယ်ဆို နားလည်မှုလေးတွေတော့ ရှိသင့်တယ်”

အင်း… ခက်တော့လည်း ခက်ပါတယ်ဗျာ။ ဂျေညီညီပြောသလိုပဲ ပွဲစီစဉ်သူတွေလို၊ မူရင်းအဆိုတော်မဟုတ်တဲ့ အခြားတစ်ယောက်လိုမျိုး သူတွေဆီက ခွင့်ပြုချက်တောင်းခိုင်းတာ၊ ပိုက်ဆံယူတာက သဘာဝကျပါတယ်။ လူမသိတဲ့သီချင်းကို ဘယ်စင်တင်က အဆိုတော်ကမှ မဆိုဘူး။ အဲဒါအမှန်ပဲ။ အဲဒီလိုလူတွေဆီက ပိုက်ဆံတောင်းရမယ်။ အဲဒါ သဘာဝကျတယ်။ မင်းသမီးတစ်ယောက်က နယ်မှာရှိုးပွဲဆိုဖို့ လိုက်သွားတယ်ဆိုပါတော့။ သူ့မှာ ကိုယ်ပိုင်ဆိုထားတဲ့ သီချင်းမရှိဘူး။ အဲဒီတော့ နာမည်ကြီးပြီးသား၊ သူလည်းရပြီးသား၊ အောက်ကပရိသတ်ကလည်း လက်ခံပြီးသား၊ လိုက်ဆိုနိုင်မယ့် သီချင်းတွေကို ရွေးဆိုရမှာပဲ။ အဲဒီလိုလူတွေဆီက ပိုက်ဆံတောင်း၊ ခွင့်ပြုချက်တောင်းခိုင်း၊ အဲဒါ သဘာဝကျတယ်။ ပွဲစီစဉ်သူတွေဆိုတာ သူတို့မြတ်မယ်ထင်လို့ စတေ့ခ်ျရှိုးတွေ၊ အခြားပွဲတွေကို စီစဉ်ကြတာ။ ဆိုပေးတဲ့အဆိုတော်အတွက် ပိုက်ဆံပေးပြီး ငှားရတယ်။ အိုကေ.. ဟုတ်ပြီ။ အဲဒီအဆိုတော်က ဘယ်သူမှမသိတဲ့၊ ပရိသတ်မသိတဲ့ သီချင်းတွေဆိုလို့လည်း အဆင်ပြေမှာမဟုတ်ဘူး။ ပရိသတ်ကလည်း လက်ခံမှာမဟုတ်ဘူး။ သူနဲ့တွဲပြီးသိနေတဲ့ သီချင်းတွေကိုပဲ သီဆိုကြမှာပဲ။ ဒါဆိုရင် အဲဒီလိုသီချင်းတွေအတွက် ပွဲစီစဉ်သူက တေးရေးဆရာတွေကို ပေးသင့်တယ်။ အဲဒါ သဘာဝကျတယ်။ ဟော… အဆိုတော်က ခွင့်ပြုချက်တောင်းရမယ်၊ တေးရေးဆရာကို ပေးရမယ်ဆိုတာတော့ သဘာဝမကျတော့ဘူး။ နားလည်သလောက် ပြောရရင် အဲဒီသီချင်းကို စဆိုကတည်းက တေးရေးဆရာကို သီချင်းရေးခပေးပြီးသား ဖြစ်မယ်ထင်ပါတယ်။ အဲဒီအတွက် အဲဒီသီချင်းကို ပိုက်ဆံပေးပြီး ၀ယ်ထားတဲ့ အဆိုတော်က ပိုင်သွားတယ်လို့ ကျွန်တော်တော့ထင်တာပဲ။ တေးရေးသူက ဆိုင်ပဲဆိုင်တော့တယ်။ မပိုင်တော့ဘူး။ သူဖန်တီးထားတဲ့သီချင်းဆိုတဲ့ ခံစားချက်ကလွဲရင် အဲဒီသီချင်းအပေါ်မှာ သူဘာမှ လုပ်ပိုင်ခွင့်ရှိမယ်မထင်ဘူး။ မူလ၀ယ်ပြီးဆိုတဲ့ အဆိုတော်မဟုတ်ဘဲ အခြားတစ်ယောက်ဆိုရင်တော့ တေးရေးဆရာနဲ့ သက်ဆိုင်ချင်လည်း သက်ဆိုင်မှာပေါ့လေ။ သိပ်တော့မသိပါဘူး။

အပေါ်မှာခွင့်ပြုချက်မရဘဲ ဆိုထားတယ်ဆိုတဲ့ သီချင်းတွေထဲက လေးဖြူ ရဲ့ ငါ့ရဲ့လမင်း သီချင်းဆိုပါတော့။ အဲဒီသီချင်းကိုသာ လေးဖြူမဆိုဘဲ အခြားအဆိုတော်တစ်ယောက်ဆိုရင်ကော အခုလိုမျိုး ပေါက်မှာလားဆိုတာက ကြက်ဥအစရှာရသလိုပဲ ဖြစ်မှာပါ။ ကျွန်တော်ကတော့ လေးဖြူဆိုတာကို နားထောင်ပြီးသားမို့ နားယဉ်နေလို့လားမသိပါဘူး။ အခြားအဆိုတော်တွေရဲ့ အသံတွေကို လိုက်ထည့်ကြည့်တာ ဘယ်လိုမှ အဆင်မပြေဘူး။ အသံဆွဲတာ၊ အော်တာ၊ အသံဖော့ချသွားတာတွေအားလုံးက လေးဖြူနဲ့ပဲ လိုက်ဖက်တယ်လို့ ခံစားရတယ်။ အဲ… အပြောချင်ဆုံးက “စည်း” သီချင်းပေါ့။ ဘာဖြစ်လို့မှန်းမသိဘဲ အဲဒီသီချင်းရဲ့ တီးလုံးကိုကြားတာနဲ့ လိုက်ဆိုလိုက်ညည်းမိတဲ့ သီချင်းပေါ့။ ၀ိုင်ဝိုင်းရဲ့ ဆွေးမြေ့ကြေကွဲတဲ့ အသံနဲ့ဆိုထားလို့သာ အခုလောက် ခံစားရတာလို့ ထင်တာပါပဲ။ ၀ိုင်ဝိုင်းအသံကိုက အသည်းကွဲအသံဖြစ်နေတော့ “စည်း” သီချင်းနဲ့ ၀ိုင်ဝိုင်း ကွက်တိဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး။ အခုတော့ ၀ိုင်ဝိုင်းလည်း ဆန်းနေပြီထင်ပါရဲ့။ တေးရေးဆရာတွေနဲ့ သူနဲ့ စည်းခြားတော့မှာလား မသိပါဘူးနော်။

အခုဒီစာကိုရေးနေရင်းနဲ့ ဖြတ်ခနဲ ဘာကိုသတိရလိုက်မိသလဲဆိုတော့ စိုင်းစိုင်းခမ်းလှိုင်သီချင်းတွေကိုသာ အဲဒီလို ပိုက်ဆံတောင်းရရင် အတော်ရမှာပဲဆိုတာပါ။ ဥပမာဗျာ – တောဂေါ်လီ တစ်ပုဒ်တည်းနဲ့တင် တစ်နိုင်ငံလုံးဆိုသမျှကို လိုက်တောင်းရရင် ဘာပြောကောင်းလိုက်မလဲ။ စင်တင်တွေ၊ နယ်စတေ့ခ်ျရှိုးတွေ၊ ဇာတ်တွေ၊ သင်္ကြန်မဏ္ဍပ်တွေမှာ ဒီလောက်ဆိုကြအော်ကြတဲ့ သီချင်းဗျာ။ စိုင်းစိုင်းက ဘာကြောင့်အဲဒီအဖွဲ့မှာ မပါသလဲဆိုတာလည်း မဆီမဆိုင် တွေးနေမိသေးတယ်။

ဆောင်းဦးလှိုင်ကတော့ အစောကြီးကတည်းက စာသားတွေဖွဲ့ထားပါတယ်။ အဆိုတော်တွေကို ဦးတည်ထားတာပါ။ သူတို့ဗီစီဒီလေးတွေ အောင်မြင်လို့ ခိုးကူးကျတော့ မကျေနပ်တာကို သရော်ထားတာပါ။ သူများသီချင်းတွေယူဆိုတာတော့ တော်တော်ကောင်းပြီး ကိုယ့်သီချင်းကို ခိုးကူးတာကျတော့မှ မခံနိုင်ဖြစ်ကြတာကို ကလိထားတဲ့သီချင်းလေးကို လူတိုင်းလောက်နီးနီး ကြားဖူးကြမှာပါ။ “ကမ္ဘာကျော်သီချင်းတွေ xxx အံကြိတ်ပြီး ဆိုနိုင်ကြတဲ့ xxx အဆိုတော်တွေတော့ အများကြီးပါ xxx” စတဲ့အဖွင့်နဲ့အတူ “စကားပြောတတ်ရင်ရပြီ xxx အဆိုတော်လုပ်မတဲ့ xxx အနဂ္ဂတို့ကယ်ပါဦး xxx” ဆိုတဲ့ သီချင်းပေါ့။ အခုလည်း စာသားပြောင်းရတော့မယ် ထင်ပါရဲ့။ “သူတို့သီချင်းတွေ xxx ခွင့်မတောင်းဘဲဆိုတယ်နော် xxx အဆိုတော်နဲ့ စီစဉ်သူတွေ xxx ဒါကိုတော့ မကျေနပ်ဘူး xxx သူများသီချင်းတွေ ကော်ပီရေး xxx တေးရေးဆရာတွေ တော်တော်ထောတယ် xxx” ဆိုပြီးတော့ပေါ့ဗျာ။

ကဲ… ပြောတာလည်း အတော်ရှည်သွားပါပြီဗျာ။ ကျွန်တော့်မှာလည်း အားအားယားယား ကိုယ့်အလုပ်မဟုတ်ဘဲ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား အငှားကျောင်းသလို ဖြစ်နေပါပြီ။ မတတ်နိုင်ဘူးလေ။ ဖတ်မိတော့ တွေးမိပါတယ်၊ တွေးမိတော့ ရေးမိပါတယ်၊ ရေးမိတော့ ဘလော့ဂ်ပေါ်တင်မိပါတယ် ဆိုသလိုပေါ့ဗျာ။ ထူးတော့လည်း မထူးပါဘူး… ခင်ဗျားမှာလည်း မဆီမဆိုင် ကျွန်တော်ရေးထားတာတွေကို ထိုင်ဖတ်နေရတယ်။ အင်း… သူ့ဟာနဲ့ သူတော့လည်း ဟုတ်နေတာပါပဲဗျာ။ တစ်ခုပဲ စဉ်းစားမိတယ်။ မပြေမလည်များ ဆက်ဖြစ်နေကြရင် နောင်များဖြင့် အဲဒီတေးရေးတွေ ရေးထားတဲ့သီချင်းတွေကို မဆိုဘူးကွာ၊ အခြားသီချင်းတွေပဲ ဆိုမယ်ဆိုရင်တော့ တေးရေးတွေခမြာ သီချင်းရေးစရာ အလုပ်မရှိ၊ ဘယ်သူမှ သီချင်းမအပ်တော့ရင် ဘယ့်နှယ့်လုပ်ကြမတုန်း။ အဆိုတော်ကတော့ ကိုယ်တိုင်ရေးလည်းရတယ်၊ ဒါမှမဟုတ် အခြားတေးရေးတွေကို သဘောတူညီမှုနဲ့ ရေးရင်လည်း ရမယ်ထင်ပါတယ်။ တေးရေးတွေကသာ အဆိုတော်သစ်လေးတွေနဲ့ပဲ နှစ်ပါးသွားနေရမယ်ဆိုရင် သိပ်မလွယ်လှဘူး ထင်ပါရဲ့ဗျာ။ ကျွန်တော်မြင်သလောက် ပြောရရင်တော့ ဒီကိစ္စဟာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို ဆုံးဖြတ်ရမှာ၊ အဖြေရှာရမှာ မဟုတ်ပါဘူး။ အဆိုတော်နဲ့ တေးရေးတွေကြားမှာ နားလည်မှုလေးတစ်ခု ထားပေးဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။ တေးရေးတွေဘက်ကလည်း အတ္တလေးနည်းနည်းလျှော့၊ အဆိုတော်တွေဘက်ကလည်း မာနလေး နည်းနည်းလျှော့ပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ အမှန်တကယ် ဖြစ်ရမှာက တေးရေးတွေနဲ့ ပွဲစီစဉ်သူတွေဗျ။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၆ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။

3 thoughts on “တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…

  1. at dar tot ma hote bu bya….song ta pote ko pai tar tay yay sa yar tway pal…a so taw so tar tay yay c ka a ngherr so tar pal…song 1 pote ko ko pyan so chin yin tay yay c ka wal ya ter pal…a so taw a chinn chinn pyaw sa yar ma lo bu lay….

  2. အင်း
    ကိုယ့်အမြင်ကို ပြောရယင်တော့ ဒီဟာက တေးရေးနဲ့ ပွဲစီစဉ်သူတွေနဲ့ပဲ ဆိုင်မယ်လို့ထင်တယ်လေး။ ဥပမာ ကေအေတီရဲ့ သီချင်းတပုဒ်ကို လေးဖြူက ၀ယ်ပြီးဆိုတယ်ဆိုယင် ဒီသီချင်းကိုလေးဖြူ ပိုင်သွားတာပဲ အဲဒီသီချင်းကိုမှ အငဲက ဆိုချင်တယ်ဆိုယင် ဒါက လေးဖြူနဲ့ အငဲ ပြောရမဲ့အပိုင်းဖြစ်သွားပြီးလေး.တေးရေးနဲ့ မဆိုင်တော့ဘူးလေး. တေးရေးက သူတို့ရောင်းပြီးယင် ပြီးသွားပြီးပဲ နံမည်တခုသာ ကျန်၇ှိနေမယ် သူတို့နဲ့မှ မဆိုင်တာကို.အခုဟာက အဆိုတောနဲ့ တေးရေးကို ရန်လည့်တိုက်ပေးနေသလိုပဲ.မူရင်းဝယ်ထားတဲ့ အဆိုတော်က ဘယ်နေရာမှာ ဘယ်နှစ်ခေါက်ပဲဆိုဆို သူမှာဆိုပိုင်ခွင့်အပြည့်ရှိတာပဲ.

  3. All the pricing for the singers and songwriters should be set up at the initial stage of contract. For example, all the revenue coming in from all commercial sources like live shows should be shared according to percentages stated in the contract. If the terms are not being complied by singers (singing live without letting the writer know), the writer should be allowed to sue or take action against the singer.
    Another thing is that I agree with the idea that songwriters should receive a certain percentage for each use of the song. If the writer writes a bad song, he can earn just the small initial amount not the overheads as the song won’t be sang again and again live. There is no need that Jay Nyi Nyi has to suffer for the inferior 85 songs if he doesn’t like and use these songs. He can use the good 15 songs and enjoy success but has to reward the songwriters for the ongoing use. It’s simple as that.
    Another great idea I think is that the writer should sell songs by setting up the expiry date like subscribing the use of the television channel from the service provider. If the singer wants to buy the song but feels like it’s not a very good song, he might wanna buy for 1 year by paying a suitable amount and later if the song’s going well, he might wanna extend the period of ownership to that song and use it again and again.
    Overall, by any means, the income should be shared appropriately between both singer and writers by the use of contracts agreed by themselves.

Comments are closed.