Daniel Kane ကဒါဖီကို စွန့်ခွာ၍ဘက်ပြောင်းခိုလှုံလာခဲ့သောလစ်ဗျား
စစ်ဘက်မှ ဗိုလ်ချုပ် ၅ ဦးအပါ အ၀င် လစ်ဗျားအထက်တန်းစစ်ဘက်အရာရှိ ၈ ဦး မှ
အခြားသောလစ်ဗျားစစ်ဘက်အရာရှိများအား ကဒါဖီကိုစွန့်ခွာ၍ ၎င်း၏ နှစ် ၄၀ ကြာအုပ်စိုးမှုကို လျင်မြန်စွာအဆုံးသတ်နိုင်ရေးအတွက် လက်ရှိလစ်ဗျားတော်လှန်ရေးနှင့်လာရောက်ပူးပေါင်းကြရန် ပန်ကြားလိုက်သည်။
အီတလီနိုင်ငံခြားရေးအရာရှိများမှ ဘက်ပြောင်းလာသော လစ်ဗျားဗိုလ်ချုပ် ၅ ဦး၊ ဗိုလ်မှူးကြီး ၂ ဦးနှင့် ဗိုလ်မှူး ၁ ဦးတို့အား
၎င်းတို့လစ်ဗျားမှထွက်ခွာခဲ့ပြီး ၃ ရက်မြောက်တွင်သတင်းထောက်များနှင့် တွေ့ဆုံရန်စီစဉ်ပေးခဲ့သည်။
၎င်းတို့အနက်မှတဦးဖြစ်သူ ဗိုလ်ချုပ်မယ်လုဒ်မာဆွဒ်ဟာလာဆာမှ ကဒါဖီ၏တပ်များတွင် တော်လှန်ရေးစတင်ခဲ့သည့် ၂၀၁၁၊ ဖေဖော်ဝါရီလ
လယ်ပိုင်းနှင့်စာလျှင် ၂၀%ခန့်သာ ထိထိရောက်ရောက်လှုပ်ရှားနိုင်တော့ပြီး၊ ကဒါဖီကိုသစ္စာခံသည့် ဗိုလ်ချုပ်များအရေအတွက်မှာ ၁၀ ဦးထက်
မပိုတော့ကြောင်းခန့်မှန်းပြောကြားခဲ့သည်။ ယခုလစ်ဗျားသူပုန်များကို ထောက်ခံအားပေးနေသူ၊ ယခင်လစ်ဗျားကုလသမဂ္ဂသံအမတ်ကြီးအဖြစ်မှ
ဘက်ပြောင်း၍ကဒါဖီကိုဆန့်ကျင်ခဲ့သော အက်ဘ်ဒယ်ရာမန်ရှာလ်ဂမ်မှ ဤစစ်ဘက်အရာရှိ ၈ ဦးသည် ကဒါဖီကိုစွန့်ခွာခဲ့ပြီး ယခုအချိန်တွင်
လစ်ဗျားနိုင်ငံပြင်ပတွင်ရောက်ရှိနေသည့် အရာရှိ ၁၂၀ ခန့်တွင်အပါအ၀င်ဖြစ်သည်ဟု သတင်းထောက်များနှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံနှင့် ကြာမြင့်စွာ စီးပွားရေးနှင့်သံတမန်အဆက်အသွယ်ရှိခဲ့သော ယခင်လစ်ဗျား၏ကိုလိုနီရှင် အီတလီသည် လစ်ဗျားနှင့် ရှေးဦးစွာ
ဆက်ဆံရေးရပ်စဲခဲ့ ပြီး ကဒါဖီကိုဆန့်ကျင်တော်လှန်နေသည့် လစ်ဗျားနိုင်ငံတော်တိုးတက်ပြောင်းလဲရေးကောင်စီ (Libyan National
Transitional Council) နှင့် တရားဝင်ဆက်ဆံရေးစတင်ထူထောင်ခဲ့သည့် အနောက်နိုင်ငံများတွင်အပါအ၀င်ဖြစ်သည်။
အခြားခိုလှုံသူများနည်းတူ သာမန်အ၀တ်အစားများကိုသာဝတ်ဆင်ထားသည့် ဘက်ပြောင်းလာသော ဗိုလ်ချုပ်အော်န်အလီအော်န် မှ
လွတ်လပ်မှုအတွက် ရဲစွမ်းသတ္တိပြောင်မြောက်စွာဖြင့်တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့သော အာဇာနည်များကိုယ်စား လစ်ဗျားရဲတပ်ဖွဲ့နှင့်
လုံခြုံရေးတပ်ဖွဲ့များသို့ ကဒါဖီအားစွန့်ခွာကြရန် ပန်ကြားချက်ကို ဖတ်ပြခဲ့သည်။ ၎င်းမှ များစွာသောလစ်ဗျားမြို့များတွင်ဖြစ်ပွားနေသည့်
ကဒါဖီနှင့်အပေါင်းပါတို့၏ လစ်ဗျားပြည်သူများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် လစ်ဗျားအမျိုးသမီးများအား အကြမ်းဖက်မှုတို့ကို ရှုံ့ချခဲ့သည်။
အခြားသောဘက်ပြောင်းလစ်ဗျားဗိုလ်ချုပ်တဦးဖြစ်သူ ဗိုလ်ချုပ်ယာမက်ဆာလားမှ ကဒါဖီ၌ လစ်ဗျားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ
လုပ်ဆောင်ခဲ့ကြသည့် တပ်မ ၂ ခုသာကျန်ရှိတော့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံတော်တိုးတက်ပြောင်းလဲရေးကောင်စီဥက္ကဋ္ဌ မာမွတ်ရှာမမ်မှ၊ မေလ အစပိုင်း၌ ရောမမြို့ရှိ အီတလီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ
လက်ခံကျင်းပပေးခဲ့သည့် နိုင်ငံတကာညီလာခံတွင်ကတိပြုခဲ့ကြသည့် ဘဏ္ဍာငွေထောက်ပံ့မှုများအပါအ၀င် မည်သည့်ပြည်ပထောက်ပံ့မှုမှ
ယခုချိန်ထိရောက်ရှိမလာကြောင်းနှင့် လစ်ဗျားနိုင်ငံတော်တိုးတက်ပြောင်းလဲရေးကောင်စီ မှ ကိုယ်စားလှယ်တဦးကို လာမည့် ဇွန်လတွင်
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ကျင်းပမည့် အိုပက် (OPEC) အဖွဲ့အစည်းအဝေးသို့စေလွှတ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အုပ်စုလိုက်စွန့်ခွာမှုများသည် လစ်ဗျားအနောက်ဘက်နာဆူရာတောင်တန်းဒေသ၊ မစ်စူရာတာမြို့တ၀ိုက်ရှိ အတိုက်အခံထိန်းချုပ်ဒေသ၊
အတိုက်အခံ အဓိကအင်အားစုများရှိရာ လစ်ဗျားအရှေ့ဘက်ခြမ်း ဘင်ဂါဇီမြို့နှင့် အက်ဂ်ျဒါဘီယာမြို့များတွင် စစ်မျက်နှာ ၃ ခုဖွင့်၍ထိုးစစ်
ဆင်နေသော ကဒါဖီ၏တပ်များအတွက်ကြီးမားသောဖိအားများဖြစ်လာမည်ဖြစ်သည်။ ကဒါဖီတပ်များအား လေကြောင်းမှထိုးစစ်ဆင်နေသည့်
လက်ရှိနိုင်ငံစုံတပ်များသို့ မြေပြင်ထိုးစစ်တွင်အလွန်ထိရောက်မှုရှိပြီး လက်ရှိတိုက်ပွဲကိုအဆုံးသတ်ပေးနိုင်မည်ဟုယူဆရသည့် အင်္ဂလန်မှ
အပါချီ (Apache) တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ပြင်သစ်မှ တိုက်ဂါး (Tiger) တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ထပ်မံအားဖြည့်ပေး
မည်ဖြစ်သည်။
တော်လှန်ရေးစတင်ပီး ယခုချိန်ထိ အနောက်မဟာမိတ်နိုင်ငံများ၏ အထူးတပ်ဖွဲ့များနှင့် စစ်ဘက်အကြံပေးများမှ ကဒါဖီ၏ ကြမ်းကြုတ်သည့်
အုပ်စိုးမှုအား ဆန့်ကျင်သည့် အတိုက်အခံတပ်ဖွဲ့များအား ကဒါဖီ၏တပ်များအားရင်ဆိုင်နိုင်ရေးအတွက် လေ့ကျင့်မှုများပံ့ပိုးပေးခဲ့ကာ၊
စစ်ဆင်ရေးထောက်ပံ့မှုများပြုလုပ်ပေးခဲ့၍၊ နိုင်ငံစုံလေကြောင်းထိုးစစ်အတွက် လစ်ဗျားပြည်သူများကို အသက်ကိုခြိမ်းခြောက်အန္တရာယ်ပေးနေသည့်
ကဒါဖီ၏ စစ်စခန်းများ၊ ရုံးဋ္ဌာနများစသည့် မြေပေါ်မြေအောက် အဆောက်အဦးများအားချေမှုန်းရန် တိကျသည့်ပစ်မှတ်များနေရာများကို
ထောက်လှမ်း၍သတင်းအချက်အလက်များ စုဆောင်းရယူခဲ့ကြပြီး ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ကြရာ ကဒါဖီနှင့်၎င်း၏အပေါင်းပါသစ္စာခံများ
အား ပြင်းထန်ကြီးမားသည့်ဖိအားများသက်ရောက်စေခဲ့သည်။ ဆက်လက်ပြီး ကဒါဖီအားအုပ်စုလိုက်စွန့်ခွာမှုများ ကိုလည်းဖြစ်ပေါ်စေခဲ့သည်။
အင်္ဂလန်ကာကွယ်ရေးဝန်ကြီး လီယန်ဖော့ခ်စ် မှ တော်ဝင်လေတပ် တော်နေးဒိုးတိုက်လေယာဉ်များမှ လာမည့်ရက်ပိုင်းအတွင်း ပေါင် ၂၀၀၀
ဘန်ကာခွင်းဗုံးများ အသုံးပြု၍ ကဒါဖီနှင့်အပေါင်းပါများအသုံးပြုနေသည့် အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်တော့မည်ဖြစ်ကြောင်းကို
သတိပေးလိုက်ပြီး၊ နေတိုးအတွင်းရေးမှူးချုပ် အင်ဒါးစ်ဖို့ခ်ရပ်စ်မတ်ဆင်မှ ကဒါဖီ၏အနီးစပ်ဆုံး အမာခံများအပါအ၀င် ပြည်တွင်းရော၊ ပြည်ပတွင်ပါ
စွန့်ခွာမှု၊ ဘက်ပြောင်းဆန့်ကျင်မှုများလုပ်လာကြ၍ ပို၍ပို၍အထီးကျန်ဖြစ်လာသော ၄င်း၏အကြမ်းဖက်အုပ်စိုးမှုအဆုံးသတ်တော့မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ ကဒါဖီ၏ မတရားအုပ်စိုးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၍ ၎င်းသည်အာဏာကိုအမြန်ဆုံးစွန့်ပြီး လစ်ဗျားနိုင်ငံမှထွက်ခွာရမည်ဖြစ်ကြောင်း
၊ G8 နိုင်ငံခေါင်းဆောင်များအားလုံးမှလည်း ကဒါဖီအားထွက်ခွာရန်လိုလားကြကြောင်း၊ ပြီးခဲ့သော အင်္ဂါနေ့တွင် လစ်ဗျားအတိုက်အခံတို့ထိန်း
ချုပ်ထားသည့် ဘင်ဂါဇီမြို့သို့သွားရောက်ခဲ့သူ အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရန်ကိုဖရက်တီနီမှ လောလောလတ်လတ်ပြောကြားခဲ့သည်။
တောင်အာဖရိကသမ္မတ ဂျက်ကော့ဗ်ဇူးမားဦးဆောင်သည့် အာဖရိကသမဂ္ဂအဖွဲ့ကိုယ်စားလှယ်များမှ ကဒါဖီမှ အပစ်အခတ်ရပ်စဲရေးအတွက်
အသင့်ရှိနေကြောင်းပြောဆိုခဲ့သော်လည်း ကဒါဖီမည်သို့အာဏာစွန့်လွှတ်မည်ကို တိကျစွာမဆိုနိုင်ခဲ့ပေ။ ကဒါဖီအာဏာစွန့်ခွာရေးအတွက်တိုက်
ပွဲဝင်နေသော၊ လစ်ဗျားအတိုက်အခံအဖွဲ့ဖြစ်သည့် လစ်ဗျားနိုင်ငံတော်တိုးတက်ပြောင်းလဲရေးကောင်စီမှ ၀ါးတားတားဖြစ်နေသည့် ဇူးမား၏အပစ်
|အခတ်ရပ်စဲရေးကို ခိုင်မာမှုမရှိသည့်အတွက် ပယ်ချခဲ့သည်။ လစ်ဗျားအတိုက်အခံထိန်းချုပ်ရာဒေသများတွင် နိုင်ငံခြားသားများနှင့်သတင်းထောက်
များ စားသောက်ခြင်းနှင့် အခြားသောဝန်ဆောင်မှုများအတွက်ကိုပင်လျှင် လစ်ဗျားနိုင်ငံသားများမှ ငွေယူရန်လက်တွန့်နေကြပြီး အခမဲ့သာပေးလိုကြသည်။
လက်ရှိအခြေအနေအားလုံးက ကဒါဖီ၏နိဂုံးသို့ ဦးတည်နေပြီဖြစ်သည်ဖြစ်၍ ၄င်းသတင်းသည် မြန်မာစစ်ဗိုလ်ချုပ်များအပါအ၀င် အာဏာရှင်ဆိုးများအတွက်တော့ အာရပ်တော်လှန်ရေးများ၏ နောက်ဆက်တွဲအိပ်မက်ဆိုးတခုဖြစ်လာပေမည်။
Daniel Kane
