Artificial Chicken Egg Damage Memorizing System


မြန်မာနိုင်ငံ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်တွင်းသို့ ဓာတုဗေဒနည်းဖြင့် စီမံပြုလုပ်ထားသော ကြက်ဥအတုများဝင်ရောက်လျက်ရှိရာ ထိုကြက်ဥ၌အလန်းခေါ်ဓာတုဗေဒပစ္စည်းတစ်မျိုးပါဝင်သည့်အတွက် စားသုံးသူအား ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းမှုရောဂါကိုဖြစ်စေနိုင်ကြောင်း၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းကပြောသည်။
ကြက်ဥဈေးကွက်၌ ကြက်ဥဈေးနှုန်းများ ရုတ်တရက်ကျဆင်းခြင်းမရှိသေးသော်လည်း အရောင်းအ၀ယ်ပါးနေသည့်အတွက် ဈေးနှုန်းများ ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ကြက်ဥအရောင်းဆိုင်များကပြောသည်။ သြဂုတ်လ ၁ ရက်တွင် ကြက်ဥလက်ကားဈေးနှုန်းမှာ ဧရာဝတီတိုင်းမှဝင်သော ကြက်ဥလုံးကြီးတစ်လုံး ၉၂ ကျပ်၊ တောင်ကြီးကြက်ဥတစ်လုံး ၉၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြံများမှကြက်ဥများအပြင် ဧရာဝတီတိုင်းနှင့် တောင်ကြီးဒေသမှ ကြက်ဥအများဆုံး ၀င်ရောက်လျက်ရှိပြီး ဧရာဝတီတိုင်း၊ ပုသိမ်နှင့် မြောင်းမြမြို့နယ်တို့မှ တစ်နေ့လျှင် ကြက်ဥလုံးရေ ခြောက်သောင်းကျော်နှင့် တောင်ကြီးမှ ကြက်ဥအလုံးရေ တစ်သိန်းနှစ်သောင်းကျော် အ၀င်ရှိကြောင်း၊ မော်တင်ကြက်ဥဒိုင်များထံမှ သိရသည်။
ကြက်ဥအတုများမှာ အထူးသဖြင့် မွေးမြူရေးကြက်ဥနှင့် ပုံသဏ္ဍန်အားဖြင့်တူပြီး အပေါ်ယံကြည့်ရှုရုံဖြင့် ခွဲခြားမရနိုင်ကြောင်း ကြက်ဥအတုကို ဓာတုဗေဒနည်းဖြင့်ပြုလုပ်ထားကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံမီဒီယာများက တရားဝင်ကြေညာထားသည်။
ကြက်ဥအတုအကာပိုင်းပြုလုပ်ရာတွင် ဘင်ဇိုရစ်အက်ဆစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့်၊ ကော်ရည်ပြုလုပ်ရာ၌ ထည့်သွင်းအသုံးပြုသည့် ဓာတုဗေဒပစ္စည်းများနှင့် မုန့်ဖုတ်ရာတွင်အသုံးပြုရသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားသည်။ ထို့အတူ ကြက်ဥအတုအနှစ်ပိုင်းပြုလုပ်ရာတွင် အမည်မသိအ၀ါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမအောင်မွှေကာ ကယ်လစီယမ်ကလိုရိုက် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်ဟု ယင်းမီဒီယာများတွင်ဖော်ပြသည်။
ထို့နောက် အကာနှင့်အနှစ်ကို အ၀ိုင်းပုံသဏ္ဍန်ရှိသည့် ပလတ်စတစ်ပုံသွင်းခွက်ထဲသို့လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥအကာနှင့်အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားသည်။ ကြက်ဥအခွံကိုမူ ပါရာဖင်းဓါတ်ပါဝင်သောဖယောင်းနှင့် အမည်မသိ အဖြူရောင်ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၎င်းအရည်ကို အ၀ိုင်းပုံသဏ္ဍန်ပြုလုပ်ထားသော ပလတ်စတစ်ခွက်အတွင်းထည့်ထားသည့် အနှစ်အတုနှင့်အကာအတုများပေါ်သို့လောင်းချ၍ အချိန်အနည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့်ထပ်တူထပ်မျှအသွင်သဏ္ဍန်တူသော ဓါတုနည်းဖြင့်ပြုလုပ်ထားသည့် ကြက်ဥအတုကိုရရှိသည်ဟု သိရသည်။
ယင်းကြက်ဥအတုတွင် လုကိုအာဟာရဖြစ်စေမည့် ပရိုတင်း စသည့် ဓာတ်ပစ္စည်းများပါဝင်ခြင်းမရှိသည့်အပြင် ပါဝင်သောဓာတုပစ္စည်းများကြောင့် စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက အသိပေးထားသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနများအနေဖြင့် ကြက်ဥအတုကို ထပ်မံဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ တွေ့ရှိမှုများကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြက်ဥရောင်းချသူများကလည်း ကြက်ဥအတုရောင်းချခြင်း၊ စားသောက်ဆိုင်များအနေဖြင့် ကြက်ဥအတုများအသုံးပြု၍ ကြော်လှော်ချက်ပြုတ်ခြင်းမပြုလုပ်ရန်နှင့် ၎င်းးကြက်ဥအတုများအား သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက စိစစ်သိမ်းဆည်းသွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် ဓာတုဗေဒနည်းဖြင့်ပြုလုပ်ထားသည့် ကြက်ဥအတုများတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ကြရန် သက်ဆိုင်ရာကနှိုးဆော်ထားသည်။
ကြက်ဥအတုနှင့်အစစ် အကြမ်းဖျင်းခွဲခြားမှုမှာ ကြက်ဥအတုကိုကိုင်ပြီး ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကိုတွေ့ရပြီး၊ ကြက်ဥအစစ်ကို ခပ်ပြင်းပြင်းလှုပ်ကြည့်လျှင် အဆန်ချောင်ခြင်းမရှိသည်ကို တွေ့ရှိရသည်။ ကြက်ဥအတုနှင့်အစစ်ကိုယှဉ်၍ မှန်၊ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် လှည့်ကြည့်ပါက အတုက ဂျင်လည်သကဲ့သို့ မွှတ်နေအောင်လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန်ကြာမြင့်သည်။ ထို့အပြင် ကြက်ဥအတု၏အရောင်မှာပိုရင့်ကြောင်းနှင့် အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားသည့်အတွက် ပိုမိုအလင်းပြန်ကြောင်း ကြက်ဥများပွတ်ကြည့်လျှင် အတုအခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်းနှင့် ကြက်ဥခွဲ၍ကြည့်မည်ဆိုပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရောသွားကြောင်းတွေ့ရပြန်သည်။ အတုအခွံ အမြှေးမပါဘဲ အစစ်၌သာ အမြှေးပါသည်။ ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရောနှောသွားသည်။
Written By – ဇာဇာနို၊ပြည်သိမ်း
Credit – 7Day News Journal, Vol(8) issue(21)

အခုလို သတင်းတွေရေးပေးတာကျေးဇူးတင်ပါတယ်။
သိထားတော့ ဘေးမဖြစ်တော့ပဲ ရှောင်ရှားနိုင်တာပေါ့ နော်။