၈ သြဂုတ် ရန်ကုန် ၊ ၊ပလန်းနက် သတင်း(www.planet.com.mm)
15 A(H1N1) in Burma (Report)

A/H1N1တုပ်ကွေး ကူးစက်ခံထားရသူ နောက်ထပ်တစ်ဦးအား တွေ့ရှိပြီးနောက် မြန်မာနိုင်ငံတွင် ယင်းရောဂါဖြစ်ပွားမှုနှင့် ကြုံခဲ့ရသူ (၁၅)ဦးထိ ရှိလာပြီဖြစ်သည်။ နောက်ဆုံးတုပ်ကွေး ဝေဒနာရှင် တွေ့ရှိမှုအား ဩဂုတ်လ (၇)ရက်နေ့က ကျန်းမာရေးဌာနက အတည်ပြုခဲ့ပြီး ရောဂါကူးစက်ခံရသူမှာ အသက်(၃)နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုကူးစက်မှုသည် ပြည်ပမှ ပြန့်နှံ့လာခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ် ကူးစက်ခြင်းလည်းဖြစ်သည်။ အဆိုပါ ကလေးငယ်သည် (၁၄)ယောက်မြောက် A/H1N1ဝေဒနာရှင်၏ မိသားစုဝင် (၁၈)ဦးအနက်မှ တစ်ဦးဟုဆိုသည်။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် A/H1N1 တုပ်ကွေးကူးစက်နေသော (၁၄)ယောက်မြောက် ဝေဒနာရှင်ကို ဩဂုတ်လ (၅)ရက်နေ့က ပညာရှင်များ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့သည်။
(၁၄)ယောက်မြောက် A/H1N1တုပ်ကွေး ဝေဒနာရှင်သည် လေယာဉ်ခရီးစဉ်အမှတ် MI-518ဖြင့် စင်္ကာပူနိုင်ငံမှ ဩဂုတ်လ (၁)ရက်နေ့က ပြန်လည်ရောက်ရှိလာသည့် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ ၎င်းသည် နေအိမ်ပြန်ရောက်ပြီး ရက်အနည်းငယ် အကြာတွင် ဖျားနာနေသဖြင့် ဆေးရုံသို့တင်ပို့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ရာမှ A/H1N1တုပ်ကွေး ဖြစ်ပွားနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ထိုလူငယ်နှင့်အတူ လိုက်ပါလာသည့် ခရီးသည် (၁၂၂)ဦးနှင့် လေဆိပ်မှဝန်ထမ်း (၁၃၈)ဦးမှာလည်း ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဂရုတစိုက် စောင့်ကြည့်မှုကို ခံနေရသည်။ မိသားစုဝင် (၁၈)ဦးကို သီးသန့်ပိုးသတ်ခန်းတွင် ခွဲထားရာမှ (၃)နှစ်ခွဲအရွယ် ကလေးငယ်က တုပ်ကွေးကူးစက် ခံထားရကြောင်း တွေ့ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် A/H1N1တုပ်ကွေး ကူးစက်ခံရသူ (၁၅)ဦးထိ ရှိခဲ့ပြီဖြစ်သော်လည်း (၁၀)ဦးမှာ ဝေဒနာပျောက်ကင်း သက်သာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးဌာနကဆိုသည်။ မြန်မာနိုင်ငံသည် ပထမဆုံး တုပ်ကွေးလူနာကို ဇွန်လ(၂၇)ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦး စင်္ကာပူမှ ပြန်လာစဉ် ကူးစက်ခံထားရခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ကမ္ဘာတလွှားတွင် A/H1N1တုပ်ကွေး ပြန့်နှံ့နေမှုမှာ ဩဂုတ်လ (၆)ရက်နေ့ထိ စာရင်းအရ (၂၀၄,၈၉၈)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်မှာ (၁,၆၈၆)ဦးမျှ ရှိလာကြောင်း သတင်းရရှိသည်။
