အမေရိကန်သမ္မတ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် ရွေးချယ်ခံရ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ အောက်တိုဘာလ 09 ရက် 2009 ခုနှစ် 18 နာရီ 59 မိနစ်

Obama Wins Nobel Prize

နိုဘယ်ဆုရှင် အိုဘာမား (ဓာတ်ပုံကို ဒေါက်တာ လန်းဘတ်က Freedom News Group အတွက်လှုဒါန်းသည်)
နိုဘယ်ဆုရှင် အိုဘာမား (ဓာတ်ပုံကို ဒေါက်တာ လန်းဘတ်က Freedom News Group အတွက်လှုဒါန်းသည်)

နယူးဒေလီ ။      ။ အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားကို နိုင်ငံတကာ သံတမန်ရေးနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုကြောင့် ၂၀၀၉ ခု ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် နော်ဝေအခြေစိုက် နိုဘယ်လ်ဆုချီးမြှင့်ရေး ကော်မတီက ယနေ့ ရွေးချယ်လိုက်သည်။  

နျူကလီးယားကင်းမဲ့ရာ ကမ္ဘာကြီးအတွက် သူ၏ အမြင်နှင့် လုပ်ရပ်၊ နိုင်ငံတကာ ပဋိပက္ခများအပေါ် ဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေးရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးဖြင့် အလေးထားမှုကြောင့် ရွေးချယ်ရခြင်းဖြစ်ကြောင်း နိုဘယ်လ် ကော်မတီက ပြောသည်။

”ကမ္ဘာ့စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ကျွန်ုပ်တို့အားလုံး ကျရာတာဝန် ထမ်းဆောင်ဖို့ အချိန်ကျရောက်နေပြီ” ဟု မစ္စတာ အိုဘားမား၏ ပြောဆိုချက် မှန်ကန်ကြောင်း ကော်မတီက ယနေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရအပေါ် ချမှတ်လိုက်သည့် မူဝါဒအသစ်နှင့်ပတ်သက်၍ ၄၄ ကြိမ်မြောက် အမေရိကန်သမ္မတ အိုဘားမားကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူနှင့် စိတ်ဝင်စားသူ အများအပြားက ချီးကျူးကြသည်။

ယခင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ်နှင့် မတူသော အိုဘားမားသည် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်ထားပြီး အဆက်အဆံ ပြုလုပ်သွားမည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတွင် စစ်အစိုးရမှ တိုးတက်မှု ပြသနိုင်ပါက လိုက်လျောညီထွေရှိမည့် ပိတ်ဆို့မှုလျှော့ချရေးကို ပြုလုပ်သွားမည်ဖြစ်သည်။

သူသည် သမ္မတသက်တမ်း ထမ်းဆောင်ရင်း ကမ္ဘာ့နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် တတိယမြောက် အမေရိကန် သမ္မတ ဖြစ်လာသည်။ ယခင်က သမ္မတ ရုစဘဲ့ (၁၉၀၆ ခုနှစ်) နှင့် သမ္မတ သောမတ်စ် ဝူဒရို ဝဲလ်ဆွန် (၁၉၁၉ ခုနှစ်) တို့ ရရှိခဲ့သည်။

ထို့အပြင် သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂ ခုနှစ်) နှင့် ဒုသမ္မတဟောင်း အယ်လ်ဂိုး (၂၀၀၇ ခုနှစ်) တို့လည်း ၎င်းဆု ရရှိခဲ့သေးသည်။

One thought on “အမေရိကန်သမ္မတ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အဖြစ် ရွေးချယ်ခံရ

Comments are closed.