မြန်မာ့ ဒီမိုကရေစီ အရေး တရုတ် အမေရိကန် လက်တွဲမှာလား

ဝင့်ထန်း၊            ၊၀ီကီလိခ်စ် ဖွင့်ချလိုက်တဲ့
လျှို့ဝှက် သံတမန် အစီရင်ခံချက်တွေအရဆိုရင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ
ဒီမိုကရေစီ အပြောင်းအလဲဖြစ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးရှာဖွေတဲ့အခါမှာ နောက်ဆုံး
မမျှော်လင့်ဘဲ တရုတ်ကို မဟာမိတ်အဖြစ်သွား
တွေ့တယ်လို့ ဆိုထားပါတယ်။

ဝီကီလိခ်စ်ကတဆင့် တွေ့ရတဲ့ အမေရိကန်
နိုင်ငံခြားရေးဌာန သဘောထားမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန် တရုတ်
အကြားမှာ ရန်ဖက် ပြိုက်ဖက် ဆက်ဆံရေးမျိုး သိပ်မရှိဘူးလို့ ဆိုထားပါတယ်။ တရုတ် ခေါင်းဆောင်ပိုင်းကလည်း အမေရိကန်အစိုးရနဲ့ အမြင်ခြားနားချက် မရှိတာကို ၀န်ခံထားချက်တွေ ပါရှိပါတယ်။

ဒါပေမဲ့ နိုင်ငံကြီးနှစ်နိုင်ငံစလုံးက မြန်မာစစ်အစိုးရရဲ့ စီးပွားရေး ကိုင်တွယ်မှု ညံဖျင်းတာကို စိတ်ပျက်နေတာမှာ သွားတူပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နှေးကွေးလွန်းမှုအပေါ် စိတ်မရှည်တာမှာ သွားတူနေကြတယ်လို့ တရုတ်ခေါင်းဆောင်ပိုင်း ဖွင့်ဟပြောဆိုထားတွေ တွေ့ရှိရပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံအမတ် မစ္စရှရီဗီလာရိုဆာ ရဲ့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ၀ါရှင်တန်ကို ပေးပို့တဲ့ လျှို့ဝှက် ကေဘယ်မှာလည်း  “တရုတ်ခေါင်းဆောင်ပိုင်းက သန်းရွှေအစိုးရရဲ့ ဒရွတ်ဆွဲလေးလံနေမှုကို အတော့်ကို ငြီးငွေ့စိတ်ကုန်နေပြီဆိုတာ ထင်ရှားနေတယ်” လို့ ပြောထားပါတယ်။ ရန်ကုန်က တရုတ်သံအမတ် ဂွန်မူးရဲ့ ဧည့်ခံကျွေးမွေးတဲ့ နေ့လည်စာ စားပြီးနောက်၊ ၀ါရှင်တန်ကို မစ္စဗီလာရိုဆာ လှမ်းပြောတာမှာ “တရုတ်တွေက သန်းရွှေအစိုးရကို စေ့စပ်ဆွေးနွေးရေး စားပွဲရောက်အောင် လုပ်ဖို့ ကျမတို့နဲ့ တသဘောထဲ ရှိနေကြပါတယ်” ဆိုတဲ့အချက် ပါရှိပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်ကလည်း “တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီတို့ ဖြစ်ထွန်းစေချင်တယ်” လို့ ပြောဆိုတဲ့အကြောင်း ၂၀၀၈ ဇန်န၀ါရီမှာ နောက်ထပ်ပေးပို့တဲ့ သံရုံးအစီရင်ခံချက်မှာ ပါရှိပါတယ်။ တဆက်ထဲ မစ္စဗီလာရိုဆာရဲ့ ကောက်ချက်မှာ “မြန်မာနိုင်ငံ အခြေအနေကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂမှာ တရုတ်နဲ့ အမေရိကန် ညီညွတ်မှု ပြသသင့်ပါတယ်” လို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်မှာ စစ်အစိုးရက ဒီမိုကရေစီ လှုပ်ရှားသူ အတိုက်အခံများကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်မှု၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိမှု၊ NLD ပါတီရဲ့ ၁၉၉၀ ရလဒ်ကို အသိအမှတ်မပြုမှုတို့ကြောင့် မြန်မာနိုင်ငံရေး အမှောင်တွင်းနက်နေပါတယ်။ အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံများနောက်မှာ ရပ်တည်ပေးခဲ့ပေမယ့်၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံများက သဘာဝဓါတ်ငွေ့များ၊ ကျွန်းသစ်နဲ့ ကျောက်မျက်ရတနာများ ၀ယ်ယူဖို့ စစ်အစိုးရရှေ့မှာ တန်းစီရပ်နေခဲ့ပါတယ်။

အခု ရန်ကုန်ရှိ အမေရိကန်သံရုံးက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ပေးပို့ထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လျှို့ဝှက် အစီရင်ခံစာ ၄၀၀ နီးပါး ဖွင့်ချပြီးချိန်မှာတော့ နိုင်ငံရေး ရုပ်ပုံကားကို ပိုပီပီပြင်ပြင် မြင်လာရပါတယ်။ မြန်မာစစ်အစိုးရ တိမ်းညွတ်မှုရှိတဲ့ အာဏာရှင်သရုပ်သဏ္ဍန် လမ်းကြောင်းတွေတင်မက၊ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူများဖက်မှာပါ ဦးဆောင်မှုပိုင်း ‘ရိုးတွင်းချဉ်ဆီခန်းနေတဲ့ ပြဿနာများ’ ကိုလည်း ဖော်ပြချက်တွေ ပါလာပါတယ်။ အချို့ အမေရိကန် သံတမန်တွေကလည်း အာရှနိုင်ငံအများစု ထောက်ပြတဲ့ အမေရိကန် စီးပွားရေးပိတ်ဆို့တာ မအောင်မြင်ဘူးဆိုတာမျိုး လိုက်ပြောဆိုချက်တွေလည်း ပါရှိနေပါတယ်။

၂၀၀၈ ခုနှစ် သံရုံးပေးပို့ချက်မှာဆိုရင် ‘NLD ပါတီဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ကြီးများတဲ့ မျှော်လင့်ချက်မဟုတ်သလို၊ ပါတီ စီမံခန့်ခွဲမှုကလည်း အလွန်ညံ့ဖျင်းနေတယ်။ သက်ကြားအို ‘အန်ကယ်ကြီးများ’ ကသာ ပါတီကို အထက်အောက်ပုံစံနဲ့ ချယ်လှယ်နေတယ်။ အိုင်ဒီယာသစ်များ ထွက်မလာဘဲ၊ တက်ကြွလွန်းသော လူငယ်အဖွဲ့ဝင်များကို ပါတီမှ ဖယ်ရှားပစ်နေတယ်  ’ လို့ ပါရှိပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံး နိုင်ငံရေး စီးပွားရေးဌာန တာဝန်ခံ မစ္စလတ်စလီဟေဒန် ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာလည်း စီးပွားရေးပိတ်ဆို့မှု အလုပ်မဖြစ်တဲ့အကြောင်းကို “ကျမတို့ရဲ့ စီးပွားရေးပိတ်ဆို့မှုက ကျင့်ဝတ်ဆိုင်ရာအရ လုပ်သင့်လုပ်ထိုက်တာဖြစ်ပေမယ့်၊ ထိရောက်မှု လုံးမရှိသေးဘူး။ မြန်မာစစ်အစိုးရရဲ့ ပုံမှန်ဖောက်သည်နိုင်ငံတွေက ပူးပေါင်းပါဝင်ဖို့ အမြဲငြင်းဆိုပါတယ်” ဟု ပွင့်ပွင့်လင်းလင်း ရေးထားပါတယ်။

သံရုံးပေးပို့ချက်များအရ ၀ါရှင်တန်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ အုပ်စုများနှင့် အတိုက်အခံများကို ဆက်လက်ထောက်ခံသွားဖို့ ဆုံးဖြတ်ထားကြောင်းကို ပြသပါတယ်။ ရန်ကုန်ရှိ အမေရိကန်သံအမတ် မစ္စ ဗီလာရိုဆာကလည်း အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူများနဲ့ အမြဲဆက်သွယ်ပြီး ဒီမိုကရေစီဖြစ်ထွန်းမှုအတွက် စစ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းဖွင့်နိုင်ဖို့ တိုက်တွန်းကြောင်း အစီရင်ခံထားပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ ၂၀၀၈ခုနှစ် မေလ အသေးစိတ် အစီရင်ခံချက် တစ်ခုမှာတော့ ပြည်ပရောက် မြန်မာအတိုက်အခံများကို မြန်မာနိုင်ငံ လက်တွေ့အခြေအနေနဲ့ကင်းကွာပြီး ‘အများယုံကြည်မှု ပျောက်ဆုံးနေသူများ’ လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားချက် ပါပါတယ်။ ထိုင်းနိုင်ငံရှိ အမေရိကန်သံအမတ် အဲရစ်ဂျွန် က “ လက်ရှိအနေအထားမှာတော့ ပြည်ပရောက် အုပ်စုများဟာ မြန်မာနိုင်ငံ အပြောင်းအလဲကို ကိုယ်စားပြုနိုင်မလားဆိုတာ သံသယဖြစ်စရာပဲ” လို့ ရေးထားပါတယ်။

မြန်မာအစိုးရနဲ့ပတ်သက်ပြီး သံရုံးတာဝန်ခံတွေရဲ့  ခန့်မှန်းချက် အမြင်တွေကလည်း အမျိုးမျိုးရှိပါတယ်။  ရန်ကုန်ရှိ ယခင်သံရုံးတာဝန်ခံ မစ္စဗီလာရိုဆာက “သန်းရွှေဟာ အာဏာရူးနေသူပဲ။ အာဏာဆုံးရှုံးသွားမှာကို အရမ်းကြောက်နေပြီး၊ ဘယ်အတိုက်အခံကိုမဆို ချေမှုန်းဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပါတယ်” လို့ ဖော်ပြပါတယ်။

သူမရာထူးနေရာဆက်ခံတဲ့ လာရီဒင်းဂါး ကတော့ စစ်အစိုးရရဲ့ သတင်းအချက်အလက် ပိုပေးပို့ခဲ့ပါတယ်။ “ စစ်တပ်ထဲမှာ ပြည်တွင်း တိုက်ပွဲအတွေ့အကြုံ ရှိတဲ့ စစ်သားတွေ အများကြီး ရှိပါတယ်။ သူတို့က စစ်တပ်ကသာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို စောင့်ရှောက်နိုင်မယ်လို့ အစွဲကြီးကြီး ယူဆထားသူတွေပါ။ ပြည်ပကို ကြောက်ပြီး အရိုအသေပေးတာ ခံချင်သူတွေပါ” လို့ သတင်းပို့ပါတယ်။

လျှို့ဝှက်ဖိုင် အစီရင်ခံချက်တွေကိုကြည့်ရင် အမေရိကန်နဲ့ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးမှာ သဘောတူညီကြတာတော့မဟုတ်ပါဘူး။ တရုတ်က စီးပွားရေး ပိတ်ဆို့မှုကို အမြဲတမ်း ပြစ်တင်ပါတယ်။ တချိန်ထဲမှာ တရုတ်စီးပွားရေးက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း အရမ်းကို များပြားလာပါတယ်။

လျှို့ဝှက် သံရုံးအစီရင်ခံချက်တွေမှာပါတဲ့ အချက်အလက် အချို့ကတော့

¶ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ပေါက်အောင် မထိတွေ့နိုင်တဲ့အတွက် ၂၀၀၈ အောက်တိုဘာလမှာ ကွန်ဒိုလီဇာရိုက်က ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ခြင်း။

¶ စစ်အစိုးရဟာ အိုဘားမားအစိုးရနဲ့ ပြည်လည်ဆက်ဆံဖို့ ကြိုးစားဟန်ရှိပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီလ ရန်ကုန်သံရုံးက မစ္စတာ ဒင်းဂါး က “မကြာခင်က ပြန်လည်ဆက်ဆံဖို့ မီးစီမ်းတွေ ပြနေပေမယ့်၊ တကယ့်လက်တွေ့မှာ ဆုပ်ဆုပ်ကိုင်ကိုင်ဖြစ်ဖို့ထက် ဟန်ရိပ်တွေပဲ ပြနေပါတယ်” လို့ ရေးထားပါတယ်။

¶ ၂၀၀၈ ဩဂုတ်လမှာ ဂမ်ဘာရီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ခြံဝသွားခဲ့ခြင်းမှာ လုံးဝ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ငြင်းဆိုခဲ့ပါတယ်။

¶ ယ်။ ၂၀၀၉ နိုဝင်ဘာမှာ ပေးပို့တဲ့ ဖိုင်မှာ မစ္စတာ ဒင်းဂါးက မြောက်ကိုရီယားနဲ့ နျူကလီယား အစီအစဉ် ဖော်ဆောင်မှုဟာ အမေရိကန်အစိုးရအနေနဲ့ လုံးဝကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းရမယ့် ပြဿနာအထိ ဖြစ်နေပါပြီ လို့ပါရှိပါတယ်။

ရည်ညွှန်း the New York Times & WikiLeaks Cables

One thought on “မြန်မာ့ ဒီမိုကရေစီ အရေး တရုတ် အမေရိကန် လက်တွဲမှာလား

  1. As china’s profits releated with Myanmar Junta Regimes,American’s profits too with china and so,they will decide every things on their profits and shouldn’t for get them that they used to response efficiently every boddy who defected their national profits & diginity.

Comments are closed.