‘နောက်ထပ် အာဏာ မယူတော့ပါဘူး၊ စက်တင်ဘာမှ ဆင်းပါရစေ’ ဟု မူဘာရခ် အသနားခံ

The CNN Center in Atlanta.
Image via Wikipedia

ယမန်နေ့ ညက လွတ်မြောက်ရေး ရင်ပြင် ရှိ ဆန္ဒပြ လူအုပ်ကြီး ဓာတ်ပုံ EPA

ရှစ်ရက်မြောက်နေ့ တစ်နိုင်ငံလုံးထွက်ဆန္ဒပြနေတဲ့ အီဂျစ်လူထုကြီးကို အသက် ၈၂ နှစ်ရှိ ဟို့စ်နီ မူဘာရခ်က အစိုးရရုပ်သံကနေ “ကျနော် ထမ်းဆောင်ခဲ့တဲ့အချိန် လုံလောက်ပါပြီ။ ကျနော့်ရဲ့ အခု တာဝန်က အမိအီဂျစ်မြေ တည်ငြိမ်ဖို့နဲ့ လုံခြုံရေးရှိဖို့ပါ။ စက်တင်ဘာမှာ ကျနော့်သက်တမ်းကုန်ဆုံးပြီး နောက်ရွေးကောက်ပွဲမှာ လူထုရွေးချယ်မယ့်သူ ဘယ်သူပဲဖြစ်ဖြစ် အာဏာ အေးအေးချမ်းချမ်း လွှဲပြောင်းပေးမှာပါ။ သမ္မတအာဏာကိုလည်း လွှတ်တော်ကနေ ကန့်သတ်နိုင်ပါတယ်” ဟု လေပြေထိုး ပြောကြားခဲ့သည်။

အင်္ဂါနေ့ တစ်နေ့လုံး တစ်ညလုံး သန်းချီဖွေးဖွေးလှုပ် ဆန္ဒပြနေတဲ့ လူထုကြီးက “မူဘာရခ် ဆင်းသွား၊ မူဘာရခ် ဆင်းသွား။ မနက်ဖြန်မဆိုင်းနဲ့ ချက်ချင်းထွက် ချက်ချင်းထွက်” ဟု ကြွေးကြော်အော်ဟစ်ကြသည်။ ကိုင်ရိုမြို့၊ စူးအက်မြို့နဲ့ အလက်ဇန်ဒါး မြို့ကြီးများမှ အမျိုးသမီးများက ဖိနပ်များ မိုးပေါ်ထောင် ဝှေ့ရမ်းကြသည်။ အချို့က မူဘာရခ် အရုပ်ကို လမ်းဆုံလမ်းခွများတွင် ကြိုးဆွဲချထားကြသည်။

လူငယ်တစ်ဦးက “မူဘာရခ်က အရေထူတယ်။ သူ့အရေပြား ဘယ်လောက်ထူထူ ကျနော့်တို့ လူထု လက်သည်းတွေက ချွန်မြနေပါတယ်” ဟု အယ်လ်ဂျားဇီးယား သတင်းထောက်ကို ပြောဆိုသည်။

မူဘာရခ်မှာ ၁၉၈၁ ခုနှစ် သူ့ရှေ့ကသမ္မတ အန်ဝါဆဒတ် လုပ်ကြံခံရပြီးနောက် အရေးပေါ်အခြေအနေကနေ သမ္မတ တက်လုပ်ခဲ့တာ ဖြစ်သည်။ အရှေ့အလယ်ပိုင်းရဲ့ လူဦးရေ အထူထပ်ဆုံး တိုင်းပြည်ကို နှစ် ၃၀ နီးပါး သံမဏိအာဏာနဲ့ ချုပ်ကိုင်ထားခဲ့သည်။ ကွန်မြူနစ် အန္တရာယ်နဲ့ အစွန်းရောက်အစ္စလာမ်ဝါဒ အကြောင်းပြချက်ဖြင့် အမေရိကန်အစိုးရ အဆက်ဆက်ရဲ့ ထောက်ခံမှု ရယူနိုင်ခဲ့သည်။ လတ်တလောဆန္ဒပြမှုများ ကြောက်ခမန်း ကြီးထွားလာချိန်တွင် မူဘာရခ်က သူ့ဝန်ကြီးအဖွဲ့ကို ဖျက်သိမ်း၊ ဒုတိယသမ္မတသစ်ခံပြီး အတိုက်အခံများနဲ့ စကားပြောဖို့ ကမ်းလှမ်းခဲ့သည်။

ကိုင်ရိုမြို့ရှိ အမေရိကန်သံအမတ် Margaret Scobey က အတိုက်အခံခေါင်းဆောင် နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး နဲ့ မနေ့က စတင်စကားပြောခဲ့သည်။ သို့သော် အင်္ဂါနေ့တွင် မူဆလင် ဘရားသားဟု အဖွဲ့ အပါအ၀င် အတိုက်အခံ ခြောက်ဖွဲ့စုပေါင်းပြီး ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

(၁) မူဘာရခ် လုံးဝ နှုတ်ထွက်ပေးရေး

(၂) အသွင်ကူးပြောင်းမှုအတွက် ကြားဖြတ်အစိုးရ အမြန်ဖွဲ့ရေး

(၃) တရားမျှတမှုနဲ့ အာဏာ အလှည့်ကျခွဲဝေကျင့်သုံးမှုတို့ကို အာမခံချက်ပေးမယ့် အခြေခံဥဒေသစ် ရေးဆွဲရေး ကော်မတီ အမြန်ဖွဲ့ရေး

(၄) အခြခံဥပဒေအရ ပြည်ပအန္တရာယ် ကာကွယ်ဖို့သာ စစ်တပ်အသုံးပြုရေး စတဲ့အချက်တို့ ပါဝင်သည်။

ယနေ့မနက် အမေရိကန်သမ္မတ အိုဘားမားက “အီဂျစ်နိုင်ငံရဲ့ ခေါင်းဆောင်ကို အီဂျစ်လူထုကသာ ရွေးချယ်ရမည်။ သို့သော် တည်တည်ငြိမ်ငြိမ် စနစ်တကျ အသွင်ကူးပြောင်းကြရမည်” ဟု အိမ်ဖြူတော်မှ ဆရာလုပ် ပြောကြားခဲ့သည်။

သမ္မတအိုဘားမား က မူဘာရခ် နောက်တစ်ကြိမ် သမ္မတမရွေးတော့ဘူး ကြေငြာလိုက်တော့မှ၊ မူဘာရခ်က သူပြောသလို လိုက်လုပ်ပါမယ်တဲ့

မူဘာရက် အောင်ဖေညောင်းလျှင် အမေရိကန် ဘာတွေ ဆုံးရှုံးမလဲ ကို ဒီမှာဖတ်
http://www.michaelmoore.com/

Source: CNN & Al Jazeera