ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းကြောင်း NUGအစိုးရမှကြေညာ

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏

အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိပါကြောင်း၊

ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်ကြောင်း၊ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်ဖြင့်
အမျိုးသားညီညွတ်ရေးအစိုးရကယနေ့ထုတ်ပြန်လိုက်သည်။